ရခိုင်တွင် HIV ပိုးကူးစက်ခံရသူဦးရေ ယခင်နှစ်ကထက်ယခုနှစ်တွင် ၇ ရာခိုင်နှုန်းပိုများလာ

ရခိုင်တွင် HIV ပိုးကူးစက်ခံရသူဦးရေ ယခင်နှစ်ကထက်ယခုနှစ်တွင် ၇ ရာခိုင်နှုန်းပိုများလာ

ရခိုင်ပြည်နယ်တွင် HIV ပိုးကူးစက်ခံရသူများသည် ယခင်နှစ်ကထက် ယခုနှစ်တွင် ၇ ရာခိုင်နှုန်းထိ ပိုမိုများပြားလာကြောင်း သိရသည်။

ရခိုင်တွင် ယခင်နှစ် ၂၀၂၀ ပြည့်နှစ်တွင် HIV ပိုးလာစစ်သူများအနက် ၁၇ ရာခိုင်နှုန်းပိုးတွေ့ရှိခဲ့ပြီး ယခုနှစ်တွင် ၂၄ ရာခိုင်နှုန်းအထိ ပိုးတွေ့သူဦးရေတိုးလာကြောင်း ရခိုင်ပြည်နယ် ခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဆေးလူမှုဆက်ဆံရေးမှူး ဦးခိုင်စိုးနိုင်က နိရဥ္စရာကိုပြောသည်။

ကူးစက်ခံရသူများထဲတွင် မြို့ပြထက် ကျေးလက်ဒေသတွင် ကူးစက်မှု ၇၅ ရာခိုင်နှုန်းအထိ ပိုများနေသည်ဟုလည်း ဆိုသည်။

“မြို့ကလူတွေထက် ကျေးလက်ကလူတွေ ကူးစက်ခံရတာပိုများပါတယ်။ သူတို့က အလုပ်အကိုင်တွေ မရှိကြတော့ တစ်ခြား တိုင်းတပါးတွေ၊ နယ်စပ်တွေကိုသွားပြီး အလုပ်လုပ်ကြရတဲ့အခါ ကူးစက်ခံံရတာတွေပိုများလာတယ်။ များသောအားဖြင့် ယောက်ျားလေးတွေမှာပါ”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း HIV ပိုးကူးစက်မှုခံရမှုအများဆုံးမြို့နယ်မှာ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ အမ်း၊ ပေါက်တောတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရခိုင်တွင် HIV ပိုးကူးစက်ခံရပြီးနောက် HIV ပိုးထိန်းဆေး (ART)ဆေးသောက်သုံးသူနေရသူဦးရေ ၂,၈၀၀ ကျော်ရှိနေပြီး ယင်းအထဲတွင် ကိုယ်ဝန်ဆောင်ဦးရေ ၃၀၀ ခန့်ပါဝင်သည်ဟုလည်း သိရသည်။

ART ဆေးများကို နိုင်ငံတော်က နှစ်စဉ်နှစ်တိုင်း ထောက်ပံ့ပေးလျက်ရှိသည်ဟုလည်း သိရသည်။

HIV ပိုးကူးစက်ခံရသူများသည် ယခင်က လူ့ပတ်ဝန်းကျင်အတွင်း ခွဲခြားဆက်ဆံခံခဲ့ရသော်လည်း လက်ရှိတွင် ပညာပေးအစီအစဉ်များ၊ ဟောပြောပွဲများနှင့် အသိပညာပေးမှုများရှိလာနေသည့်အတွက် ခွဲခြားဆက်ဆံခံရမှုနည်းပါးလာသည်ဟု ART ဆေးသောက်သုံးနေသူအမျိုုးသမီးတစ်ဦးက နိရဥ္စရာကို ပြောသည်။

“အရင်ကဆို ပိုးရှိတဲ့လူတွေကို ခွဲခြားဆက်ဆံတာတို့ရှိတယ်။ စိတ်အရမ်းအားငယ်မိပါတယ်။ ခုတော့ ပညာပေးအစီစဉ်တွေ၊ ဟောပြောပွဲတွေလုပ်ပေးတော့ လူတောတိုးဖို့ သတ္တိရှိလာတယ်”ဟု ပြောသည်။

HIV ရောဂါပိုးသည် အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ကူးစက်နိုင်ပြီး သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ထွက်သည့်အရည်များကို ထိတွေ့မိရာမှ ကူးစက်နိုင်သည်ဟု သိရသည်။

ယင်းအပြင် ကွန်ဒုံးမသုံးဘဲ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို တစ်ဦးထက်ပိုပြီး ဝေမျှသုံးစွဲခြင်း၊ အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများတွင် ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာမှ ပိုးကူးစက်နိုင်သည်ဟု သိရသည်။



ပိုးကူးစက်ခံထားရသူများအနေဖြင့်လည်း ဆရာဝန်က ပေးသည့် ပိုးထိန်းဆေး (ART)ဆေးများကို နေ့စဉ်အချိန်မှန် သောက်ပေးရန်လိုသလို ကျန်းမာပြီး အာဟာရဖြစ်စေသည့် အစားအစာများကို ရွေးချယ်စားသုံးပေးရန်လိုသည်။

ယင်းအပြင် ကိုယ်လက်လေ့ကျင့်ခန်း အားကစားလုပ်ပြီး မှန်ကန်သည့် စားသောက်နေထိုင်မှုပုံစံဖြင့် ဆေးကိုသာ ဂရုတစိုက် သောက်မည်ဆိုလျှင် HIV ပိုးရှိနေသော်လည်း သာမန်လူများကဲ့သို့ ကျန်းကျန်းမာမာဖြင့် အသက်ရှည်ရှည်နေထိုင်သွားနိုင်သည်ဟု သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...