အောင်ကြည်မိုး (သင်းပုန်းတန်း)၏ “ယုံကြည်ရာဆက်လျှောက်ခဲ့သူတို့ ဘဝကောက်ကြောင်း” စာအုပ်ထွက်ရှိ

အောင်ကြည်မိုး (သင်းပုန်းတန်း)၏ “ယုံကြည်ရာဆက်လျှောက်ခဲ့သူတို့ ဘဝကောက်ကြောင်း” စာအုပ်ထွက်ရှိ

ရခိုင်စာရေးဆရာအောင်ကြည်မိုး(သင်းပုန်းတန်း)ရေးသားသည့် “ယုံကြည်ရာဆက်လျှောက်ခဲ့သူတို့ ဘဝကောက်ကြောင်း”အမည်ဖြင့် ထုတ်ဝေသည့်စာအုပ် (၁)အုပ် နိုဝင်ဘာလ ၂၅ ရက်တွင် စတင်ထွက်ရှိလာသည်။

ထိုစာအုပ်တွင် သုညဘဝကစခဲ့ရပြီးနောက် အောင်မြင်သွားသည့် ရခိုင်လူမျိုး ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ၁၅ ဦးတို့၏ ဘဝဇာတ်ကြောင်းများကို အတုယူအားကျဖွယ်ဖြစ်အောင် ရေးသားထားသည်ကိုတွေ့ရသည်။

စာရေးဆရာအောင်ကြည်မိုး(သင်းပုန်းတန်း)က “ဒီစာအုပ်ကိုထုတ်ဝေတယ်ဆိုတာကတော့ လူငယ်တွေအတုယူစရာရှိရင် အတုယူနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်ဖြစ်တာပါ”ဟု ပြောသည်။

အဆိုပါစာအုပ်ထဲတွင်ပါဝင်သည့် ဇာတ်ကောင်များမှာ ရခိုင်လူမျိုးတစ်ဦး၏ စွမ်းဆောင်နိုင်မှုရှိသည့်အကြောင်းများကို အဓိကရေးသားဖော်ပြခြင်းဖြစ်သည့်အတွက် လူငယ်များ ဖတ်သင့်သည့် စာအုပ်တစ်အုပ်ဖြစ်သည်ဟုလည်း ဆိုသည်။

စာရေးဆရာအောင်ကြည်မိုး(သင်းပုန်းတန်း)က “ကျနော့်စာအုပ်ထဲမှာပါတဲ့ ဆရာဦးစောနုဆိုရင်လည်း ရခိုင်လူမျိုးထဲမှာ ပထမဆုံးထင်ပေါ်ကျော်ကြားသူတစ်ယောက်ဖြစ်သလို ဦးအောင်လွင်တို့ဆိုရင်လည်း ရခိုင်လူမျိုးထဲက ပထမဆုံးအကယ်ဒမီရတဲ့လူပါ။ ဒီ မိုင် ဆိုရင်လည်း မလွမ်းပိုတေးသီခြင်းနဲ့ ရခိုင်ကိုသိစေခဲ့တာပေါ့။ အဲလိုပုဂ္ဂိုလ်တွေကို အဓိကထားပြီး ရေးသားဖော်ပြတဲ့ စာအုပ်ပါ” ဟု ပြောသည်။

ယခုထွက်ရှိသည့်စာအုပ်တွင် စာမျက်နှာ ၁၇၆ မျက်နှာပါရှိပြီး တစ်အုပ်လျှင် ကျပ် ၃ ထောင်ဖြင့် ရခိုင်ပြည်နယ်အတွင်း ယနေ့မှစတင်ဖြန့်ချိနေပြီဖြစ်သည်။

စာအုပ်မိတ်ဆက်ပွဲကိုလည်း ယနေ့ နေ့လယ် ၂ နာရီက စစ်တွေရှိ မင်္ဂလာပါမိုတယ်တွင် ပြုလုပ်ခဲ့ရာ စစ်တွေရှိ စာရေးဆရာများနှင့် သတင်းစာဆရာများ စုစုပေါင်း ၈ဝ ကျော်ခန့်တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

စာရေးဆရာ အောင်ကြည်မိုး(သင်းပုန်းတန်း)သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း သူ၏ပထမဆုံးစာအုပ်ဖြစ်သော “နေဝင်ညကို ကျော်ဖြတ်ခဲ့သူများ”အမည်ရှိ စာအုပ်ကို ထုတ်ဝေခဲ့သည်။

ယင်းအပြင် သူသည် သတင်းစာ၊ ဂျာနယ်တို့နှင့် အခြားသော အွန်လိုင်းစာမျက်နှာများတွင်လည်း ဒေသ၏ ပုံရိပ်ကိုထင်ဟပ်စေသည့်ဆောင်ပါးများနှင့် နိုင်ငံရေးဆောင်းပါးများကို တစိုက်မတ်မတ်ရေးသားနေသူတစ်ဦးလည်း ဖြစ်သည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...