ဖမ်းဆီးတရားစွဲခံထားရသည့် မိုးပညာဒါနကျောင်းဥက္ကဋ္ဌတွင် ရင်ဘတ်နှင့် နောက်ကျောအောင့်သည့်ဝေဒနာ ခံစားနေရဟုဆို

ဖမ်းဆီးတရားစွဲခံထားရသည့် မိုးပညာဒါနကျောင်းဥက္ကဋ္ဌတွင် ရင်ဘတ်နှင့် နောက်ကျောအောင့်သည့်ဝေဒနာ ခံစားနေရဟုဆို

AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌဦးအောင်ဝင်းနိုင်တွင် ရင်ဘတ်နှင့် နောက်ကျောအောင့်သည့်ဝေဒနာကို ခံစားနေရသည်ဟု ဇနီးဖြစ်သူ ဒေါ်တွယ်တာစိုးက နိရဥ္စရာသို့ပြောသည်။

“အရင်တုန်းကတော့ သူကကျန်းမာတယ်၊ ရောဂါလည်းအခံမရှိဘူး။ အလိုက်မသင့်တဲ့အချိန်တွေဆိုရင် ရင်ဘတ်တွေ၊ နောက်ကျောတွေက ပိုအောင့်တယ်ပြောတယ်။ အဖမ်းခံရတုန်းက အတွင်းနာသွားတာတွေဖြစ်မယ်” ဟုပြောသည်။

ဦးအောင်ဝင်းနိုင်သည် မိုးတွင်းကာလအတွင်းက တုပ်ကွေးမိခဲ့စဉ်က တောင်ကုတ်အချုပ်အတွင်း ဆေးကုသမှုတစ်ကြိမ်ခံယူခဲ့ရသော်လည်း လက်ရှိတွင် ဆေးမကုရဘဲဖြစ်နေသည်ဟု ဆက်ပြောသည်။

ဦးအောင်ဝင်းနိုင်ကို လက်ရှိတွင် တောင်ကုတ်အချုပ်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းဆီးခံထားရသည်မှာ ၆ လကျော်အကြာရှိနေပြီဖြစ်၍ မိသားစုစားဝတ်နေရေးလည်း အခက်အခဲဖြစ်နေကြောင်း ဇနီးဖြစ်သူဒေါ်တွယ်တာစိုးက ဆက်ပြောသည်။

ဦးအောင်ဝင်းနိုင်၏အမှုသည် လက်ရှိတွင် တရားလိုပြသက်သေ ၂ ဦးကိုစစ်ဆေးရန်ကျန်ရှိနေသေးကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်ကြည်နိုင်က နိရဥ္စရာသို့ပြောသည်။

“အခုတော့ အမှုစစ်ရယ်၊ စရဖကနောက်တစ်ယောက်ရယ် ကျန်သေးတယ်” ဟုပြောသည်။

ဦးအောင်ဝင်းနိုင်အား လာမည့် ဒီဇင်ဘာလ ၆ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံးသို့ ရုံးချိန်းခေါ်ယူထားသည်ဟု သိရသည်။

ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက် နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။

ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေ ၃ သိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...