အမည်မသိရောဂါများဖြင့်သေဆုံးနေသည့်ဝက်များအား အခြားကျေးရွာများနှင့် စစ်တွေသို့ လာရောက်ရောင်းချမှုများရှိနေဟုဆို

အမည်မသိရောဂါများဖြင့်သေဆုံးနေသည့်ဝက်များအား အခြားကျေးရွာများနှင့် စစ်တွေသို့ လာရောက်ရောင်းချမှုများရှိနေဟုဆို

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အငူမော်အုပ်စု၊ မကျည်းချောင်းကျေးရွာတွင် အိမ်မွေးဝက်အချို့သည် ရုတ်တရက်သေဆုံးမှုများရှိနေပြီး အဆိုပါဝက်များ၏အသားများကို မြို့နယ်တွင်းရှိ အခြားကျေးရွာများနှင့် စစ်တွေမြို့သို့ သွားရောက်ရောင်းချနေမှုများရှိနေသည်ဟု မကျည်းချောင်းကျေးရွာသူ မသူဇာလှိုင်က ပြောသည်။

“ဝက်တွေကဘာဖြစ်တာလဲ ကျမလည်းမသိဘူး။ ဝက်တွေက အစာမစားဘူးတဲ့။ တစ်ရက်နှစ်ရက်လောက်နေပြီး သေသွားတယ်လို့ပြောတယ်။ အဲဒါကိုရွာသားတွေကသိတော့ မစားတော့ဘူး။ အသားပေါ်ပြီးတော့ ပြုတ်တယ်။ ပြီးတော့ တခြားရွာတွေကိုသွားရောင်းတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ သေဆုံးမှုသည် နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မည်သည့်ရောဂါကြောင့် သေဆုံးသည်ကိုမသိကြောင်း ဆက်ပြောသည်။

“အခုလောလောဆယ်တော့ နှစ်အိမ်ပဲကြားသေးတယ်။ ၃ ကောင်ပေါ့။ တခြားဝက်တွေကလည်း နေမကောင်းဖြစ်နေတယ်လို့ ကြားတယ်”ဟု ပြောသည်။

ကျန်းမာရေးအရ အဆိုပါဝက်သားများကို ရောင်းချနေမှုမပြုလုပ်စေချင်ကြောင်းနှင့် ရောင်းချနေမှုများကိုလည်း သက်ဆိုင်ရာက အမြန်ဆုံးတားမြစ်စေချင်ကြောင်း သူက ဆိုသည်။

မကျည်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောတင်ကလည်း ကျေးရွာအတွင်း ဝက်များရုတ်တရက်သေဆုံးမှုဖြစ်နေပြီး ထိုဝက်သားများကို အခြားနေရာများသို့ သွားမရောင်းချကြရန် တားမြစ်နေရသည်ဟု ပြောသည်။

“ဝက်တွေကသေနေတာတွေရှိပါတယ်။ အဲဒီအသားတွေကိုရောင်းတယ်လို့ပြောနေကြလို့ ကျနော်သွားပြီးတားပါတယ်။ ဒါဟာ တစ်တိုင်းပြည်လုံးဒုက္ခရောက်အောင်လုပ်တာနဲ့တယ်။ အဲဒါကြောင့် နောက်မလုပ်ကြပါနဲ့လို့ ပြောထားပါတယ်”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အငူမော်အုပ်စု ကျန်းမာရေးမှူးဦးဇော်လင်းထွန်းအား ဆက်သွယ်မေးမြန်းရာ သူ့အနေဖြင့် ယခုကိစ္စကို မသိရှိသေးကြောင်းနှင့် သိရှိပါက အမြန်ဆုံးတားမြစ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

“အဲဒီသတင်းကိုတော့ ကျနော်တို့ကလည်း မကြားမိသေးဘူး။ တကယ်လို့ အဲလိုတွေဖြစ်နေတယ်ဆိုရင်တော့ ထိထိရောက်ရောက်လုပ်ဆောင်သွားမှာပါ။ ရွာသားတွေကိုတော့ လုံးဝအထိအခိုက်မဖြစ်စေရဘူး” ဟု ပြောသည်။

ဝက်များသေဆုံးနေသည့် မကျည်းချောင်းကျေးရွာသည် အိမ်ခြေ ၁၈၀ ကျော်ရှိပြီး အိမ်ခြေ ၁ဝ ကျော်ခန့်တွင် ဝက်မွေးမြူကြကြောင်း သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...