၂ နှစ်ကြာရပ်နားခဲ့ရသော ရခိုင်သမိုင်းဝင်တန်ခိုးကြီးဆံတော်ရှင်ဘုရားပွဲ ၈ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

၂ နှစ်ကြာရပ်နားခဲ့ရသော ရခိုင်သမိုင်းဝင်တန်ခိုးကြီးဆံတော်ရှင်ဘုရားပွဲ ၈ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည်
၂ဝ၁၈ ခုနှစ်အတွင်းကျင်းပခဲ့သည့် ဆံတော်ရှင်ဘုရားပွဲမြင်ကွင်း။
၂ဝ၁၈ ခုနှစ်အတွင်းကျင်းပခဲ့သည့် ဆံတော်ရှင်ဘုရားပွဲမြင်ကွင်း။

၂ နှစ်ကြာ စစ်ရေးပဋိပက္ခနှင့်ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရသည့်  ပေါက်တောမြို့နယ်က တန်ခိုးကြီးဆံတော်ရှင်ဘုရားပွဲတော်ကို လာမည့် ဒီဇင်ဘာလ ၁၃ ရက်မှစ၍ (၈)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါဘုရားပွဲတော်ကို ဒီဇင်ဘာလ ၁၃ ရက်မှ ၁၉ ရက် (နတ်တော်လဆန်း ၁၀ ရက်မှ လပြည့်ကျော် တစ်ရက်နေ့) အထိ ဇာတ်သဘင်အပါအဝင် ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပသွားမည်ဟု ဆံတော်ရှင်ဘုရားဂေါပအဖွဲ့ ဒုဥက္ကဋ္ဌဦးချစ်စိန်က နိရဥ္စရာအား ပြောသည်။

လက်ရှိတွင် ဘုရားသို့သွားသည့်လမ်းပျက်စီးနေမှုကိုလည်း အမြန်ဆုံးပြုပြင်နိုင်ရန် ပြည်နယ်ကောင်စီနှင့်ညှိနှိုင်းဆောင်ရွက်နေပြီဟုလည်း ဆိုသည်။

“လမ်းကတော့ လတ်တလောသွားလို့လာလို့ရအောင် ဂေါပကအဖွဲ့ကစီစဉ်နေတယ်။ အစိုးရအဖွဲ့နဲ့လည်း ညှိနေတယ်။ နောက်ပြီးတော့ လှေဆိပ်မှာလည်း အဆင်ပြေအောင်လုပ်ဖို့စီစဉ်နေတယ်” ဟု ပြောသည်။

ဆံတော်ရှင်ဘုရားပွဲကို နှစ်စဉ် နတ်တော်လတွင် စည်ကားစွာကျင်းပတက်ပြီး ရခိုင်ပြည်နယ်တဝှမ်းလုံးမှ ဘုရားဖူးဧည့်သည်များ သောင်းနှင့်ချီ၍ လာရောက်ကြသဖြင့် စည်ကားသည့် ဘုရားပွဲတော်တစ်ခုဖြစ်သည်။

စစ်တွေမြို့မှ မမေသက်ခင်က “ပွဲကျင်းပမယ်ဆိုတော့ ပွဲမကြည့်တာကြာပြီဖြစ်လို့ ပျော်ပါတယ်။ သူငယ်ချင်းတွေနဲ့ တောင်တက်ပြီး ဆံတော်ရှင်ဘုရားပွဲသို့သွားရမှာဖြစ်လို့လည်း ပျော်နေမိပါပြီ။ သွားဖို့စိတ်ကူးလည်း ရှိပါတယ်”ဟု နိရဥ္စရာကိုပြောသည်။

အဆိုပါဘုရားပွဲတော်ကို ရခိုင်တွင် တိုက်ပွဲနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ၂ဝ၁၉ ခုနှစ်နှင့် ၂ဝ၂ဝ ပြည့်နှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ဆံတော်ရှင်ဘုရားသည် ပေါက်တောမြို့နယ်၊ မြေငူကျွန်းရှိ နိလာပဗ္ဗတတောင်ပေါ်၌ တည်ရှိသည့် သမိုင်းဝင်ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး ဘုရားရှင်၏ဆံတော်ဓာတ်ကို ဌာပနာထည့်သွင်းတည်ထားသည့် တန်ခိုးကြီး စေတီတစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းများအရ သိရသည်။

ယခင်က တောလမ်းအဖြစ်ရှိခဲ့သည့် ဆံတော်ရှင်ဘုရားတောင်တက်လမ်းကို ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးသန်းနိုင်က ဘုရားဖူးသက်ကြီးရွယ်အိုများအတွက် ရည်ရွယ်ပြီး မြေသားလမ်းအဖြစ်ဖောက်လုပ်ခဲ့ရာ မိုးရာသီအတွင်း တောင်ကျရေတိုက်စားမှုများကြောင့် လက်ရှိတွင် ဆိုးဝါးစွာပျက်စီးနေကြောင်း သိရသည်။

သို့ရာတွင် ပွဲတော်ကာလအတွင်း ဘုရားဖူးများသွားလာရအဆင်ပြေစေရန် ယာယီပြုပြင်သွားမည်ဖြစ်ပြီး ပွဲတော်ကျင်းပပြီးနောက် လမ်းကိုအခိုင်အမာပြုပြင်ပေးရန် ပြည်နယ်ကောင်စီထံတောင်းဆိုသွားမည်ဟုလည်း ဂေါပကအဖွဲ့က ပြောသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...