တရားလိုပြသက်သေမရောက်လာသည့် ကျောက်ဆိပ်ရွာသား ၅ ဦးအမှု ဆုံးဖြတ်ချက်မချနိုင်

တရားလိုပြသက်သေမရောက်လာသည့် ကျောက်ဆိပ်ရွာသား ၅ ဦးအမှု ဆုံးဖြတ်ချက်မချနိုင်

အကြမ်းဖက်ပုဒ်မများနှင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား (၅) ဦးအမှုတွင် တရားလိုပြသက်သေ မရောက်သည်မှာ ၆ လခန့်ရှိနေပြီဖြစ်ကြောင်း၊ ၎င်းတရားလိုပြ သက်သေအား ရောက်ရှိရာမြို့နယ်တွင်  ကော်မရှင်နာစစ်ပေးရန် စာပို့ထားသော်လည်း  ၆ လခန့်ကြာသည့်တိုင်အောင် စစ်ဆေးမှုမရှိသဖြင့် အမှုဆုံးဖြတ်ချက် မချနိုင်ဘဲ ကြန့်ကြာမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအား  နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးရာတွင် ကော်မရှင်နာစစ်ဆေးချက် မရောက်သေးသော်လည်း တရားရုံးက အမှုကို ဆက်သွားမည်ဟု အမိန့်ချခဲ့သည့်အတွက် ဒီဇင်ဘာလ ၆ ရက်သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့ နေဦးကျော်ညွန့်မောင်က ပြောသည်။

“ဗိုလ်မှူး မင်းချစ်မွန်က မိုင်းဆတ်ကို ပြောင်းသွားတဲ့အတွက် အဲဒီကို ကော်မရှင်နာ စစ်ပေးဖို့ စာပို့ထားတာ။ အဲဒါက ၆ လလောက်ကြာပြီ။ ကော်မရှင်နာ စစ်ချက်ကမဝင်သေးဘူး။ ဒါကြောင့် အမှုက ဆက်သွားလို့မရဘူးဖြစ်နေ့တော့ တရားရုံးက အမှုကိုဆက်သွားဖို့ အမိန့်ချတာ” ဟု ပြောသည်။

 ကော်မရှင်နာစစ်ဆေးခြင်း ဆိုသည်မှာ တရားရုံးကို လူမလာနိုင်သည့်အခါ သူရောက်ရှိနေသည့် မြို့နယ်တွင် တရားသူကြီးကို စစ်တွေခရိုင်တရားသူကြီးကိုယ်စား စစ်ဆေးပေးရန်အတွက် စာပို့ခြင်းဖြစ်ကြောင်း ရှေ့နေဦးကျော်ညွှန့်မောင်က ရှင်းပြသည်။

 ကျောက်ဆိပ်ရွာသားများအမှုတွင် တရားလိုပြသက်သေများအဖြစ် အမှုစစ်ရဲအရာရှိနှင့် ရှမ်းပြည် ဘက်သို့ ပြောင်းသွားသည့် ဗိုလ်မှူး မင်းချစ်မွန်တို့ နှစ်ဦးသာ စစ်ဆေးရန် ကျန်ပြီဖြစ်ကြောင်း သိရသည်။

 အမှုကြန့်ကြာနေသည့်အတွက် တရားရင်ဆိုင်နေရသူများတွင် အချိန်အားဖြင့် နစ်နာမှုများရှိကြောင်း ဦးကျော်ညွန့်မောင်က ပြောသည်။

 ကျောက်ဆိပ်အမှုတွင် ပါဝင်သူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ မျိုးလှိုင်ဦး (ခေါ်) မျိုးလင်းဦး (၂၄) နှစ် ၊ ကိုမောင်ချေ(၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နှင့် ကိုကျော်ဝင်းဟိန်း (၂၂) နှစ် တို့ ဖြစ်သည်။ သူတို့ ၅ ဦး အပါအဝင် ကျောက်ဆိပ်ရွာမှ လူပေါင်း ၃၈ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

နောက်တစ်နေ့တွင် ရွာသား ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း သူတို့ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့ဖြင့် ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်း၍ ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။

သူတို့တရားရင်ဆိုင်နေရသည်မှာ ယနေ့အထိ တစ်နှစ်နှင့် ခြောက်လတိတိ ကြာမြင့်လာပြီ ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်တွင် အကြမ်းဖက်ပုဒ်မများဖြင့်တရားစွဲခံနေရသူများကို နစကကောင်စီက အမှုပိတ်သိမ်းခြင်းနှင့် အမှုရုပ်သိမ်းခြင်းများပြုလုပ်ကာ ပြန်လွှတ်ပေးမှုရှိနေပြီး ကျောက်ဆိပ်ရွာသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...