စစ်တွေ ရိုးရာသင်ပုတ်ဆွမ်းကပ်လှူပွဲ အမျိုးသမီးငယ်များ ရိုးရာဝတ်စုံများဖြင့် ပါဝင်ခွင့်ရ၍ ဂုဏ်ယူမိကြောင်းပြောကြား

စစ်တွေ ရိုးရာသင်ပုတ်ဆွမ်းကပ်လှူပွဲ အမျိုးသမီးငယ်များ ရိုးရာဝတ်စုံများဖြင့် ပါဝင်ခွင့်ရ၍ ဂုဏ်ယူမိကြောင်းပြောကြား

ယနေ့ နံနက် ၆ နာရီက စစ်တွေတန်ဆောင်တိုင်ပွဲတော် ရခိုင်ရိုးရာသင်ပုတ်ဆွမ်းကပ်လှူပွဲတွင် အမျိုးသမီးငယ် ၂၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး  ရခိုင်ရိုးရာဝတ်စုံများကို ဝတ်စားဆင်ယင်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့် ရရှိသဖြင့် ဝမ်းသာဂုဏ်ယူကြောင်း ပြောဆိုကြသည်။

ရိုးရာဝတ်စုံဖြင့် သင်ပုတ်ဆွမ်းလာရောက်ကပ်လှူသည့် စစ်တွေမြို့က အမျိုးသမီးငယ်တစ်ဦးဖြစ်သူ သန်းသန်းဌေးက "တစ်နှစ်မှာတခါကျတဲ့ တန်ဆောင်တိုင်ပွဲတော်ပေါ့နော်။ ဒီလိုရခိုင်ရိုးရာဝတ်ပြီး ဘုရားမှာ ကုသိုလ်ယူခွင့်ရတဲ့အတွက်အရမ်းဝမ်းသာပါတယ်"ဟု ပြောသည်။

သင်ပုတ်ဆွမ်းကပ်လှူပွဲတွင် ပါဝင်ဆင်နွှဲသည့် အမျိုးသမီးငယ်များသည် မြောက်ဦးခေတ်ရိုးရာ ဝတ်စုံများ အပါအဝင် ရခိုင်ရှေးဟောင်း ခေတ်လေးခေတ်ဝတ်စားဆင်ယင်မှုများကို ဝတ်ဆင်ပြီး စစ်ကဲတော်မင်း ကျောင်းတိုက်က စတင်ကာ မြို့တွင်း လမ်းများတွင် စီတန်းလှည့်လည် လမ်းလျှောက်ကာ ဘုရားသိမ်များတွင် သင်ပုတ်ဆွမ်းကပ်လှူခဲ့ကြသည်ဟု သိရသည်။

ထိုသို့ စီတန်းလမ်းလျှောက်ချိန်တွင် မြောက်ဦး လေးဝတီရခိုင်မင်္ဂလာစည်တော်ဝိုင်းအဖွဲ့က ရခိုင်ရိုးရာ စည်တော်များကိုတီးခတ်ကာ ခရုသင်းများကိုလည်း မှုတ်ခဲ့ကြသည်။

ကျောက်တော်မြို့နယ်က သင်ပုတ်ဆွမ်းကပ်လှူပွဲတွင် ပါဝင်ဆင်နွှဲခဲ့သူ မငြိမ်းငြိမ်းဌေးက "ဒီလိုရိုးရာယဉ်ကျေးမှုတွေကို တန်ဖိုးထားထိန်းသိမ်းသင့်ပါတယ်။ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု အဆင့်အတန်းက ဘယ်အတိုင်းအတာထိ မြင့်မားတယ် ဆိုတာ ဒါမှ ခုခေတ် ရခိုင်လူငယ်တွေသိကြမှာ။ ခုလို ရိုးရာ ယဉ်ကျေးမှု မပျောက်ကွယ်ရအောင် ဖော်ထုတ်တဲ့အနေနဲ့  ရိုးရာအဝတ်အစားတွေ၊ စည်တော်တွေတီးပြီး ပွဲတော်ကို  စည်စည်ကားကားကျင်းပတာ အရမ်းပျော်စရာကောင်းပါတယ်" ဟု ပြောသည်။

ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းပွဲဖြစ်မြောက်ရေးကို  ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုဇော်လှိုင်ညွန့်က ရိုးရာ သင်းပုတ်ဆွမ်း ကပ်လှူပွဲကို နောင်လာနောင်သားမျာ တန်ဖိုးထားသိရှိစေလိုသည့်အတွက် ယခုလို ဖော်ထုတ်ရခြင်းဖြစ်ကြောင်းပြောသည်။

"ကျွန်တော်တို့ ရခိုင်ဘုရင်တွေလက်ထက်ကနေ ဒီရိုးရာဓလေ့က ဆင်းသက်လာပါတယ်။ ဆောင်းဦး စပါးသီးနှံပေါ်စအချိန်မှာ  လပြည့်နေ့မှာ ဘုရားကိုဦးအောင်လှူဒါန်းကြပါတယ်။ အဲ့ဒီရိုးရာတွေကပျောက်ကွယ်လာတာပေါ့။ အဲ့ဒါကို ပြန်ဖော်ထုတ်တဲ့အနေနဲ့ နောက်မျိုးဆက်သစ်တွေလည်း ငါတို့မှာဒီလိုရိုးရာအစဥ်အလာတွေရှိပါလားဆိုတာကို ကျွန်တော်တို့ကဦးစီးပြီး ရိုးရာကိုဖော်ထုတ်တာပါ။ဟုပြောသည်။

 ယမန်နေ့ နံနက်က ကျင်းပခဲ့သည့် သင်ပုတ်ဆွမ်းကပ်လှူပွဲတော်တွင် ရခိုင်ရိုးရာဝတ်စုံများ ဝတ်ဆင် ထားသည့် အမျိုးသမီးငယ်  ၂၀၀ကျော်အပါအဝင် လူပေါင်း ၃၀၀ ပါဝင်ခဲ့သည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...