ရခိုင်ကမ်းလွန်က သဘာ၀သယံဇာတ စမ်းသပ်ထုတ်ယူမှု လက်ရှိအခြေအနေတွင် လုံးဝရပ်ထားသင့်ဟု ရခိုင်သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများဆို

ရခိုင်ကမ်းလွန်က သဘာ၀သယံဇာတ စမ်းသပ်ထုတ်ယူမှု လက်ရှိအခြေအနေတွင် လုံးဝရပ်ထားသင့်ဟု ရခိုင်သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများဆို
ရခိုင်သဘာ၀သယံဇာတခွဲဝေသုံးစွဲခွင့်ရရေးအတွက် ၂၀၁၆ ခုနှစ်နိုဝင်ဘာ ၂၃ ရက်နေ့က စစ်တွေက ကျောက်ဖြူထိ ရခိုင်ပြည်သူ ၁၀၀ ကျော်က ခြေလျင်ချီတက် တောင်းဆိုခဲ့ကြသည်
ရခိုင်သဘာ၀သယံဇာတခွဲဝေသုံးစွဲခွင့်ရရေးအတွက် ၂၀၁၆ ခုနှစ်နိုဝင်ဘာ ၂၃ ရက်နေ့က စစ်တွေက ကျောက်ဖြူထိ ရခိုင်ပြည်သူ ၁၀၀ ကျော်က ခြေလျင်ချီတက် တောင်းဆိုခဲ့ကြသည်

ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝသယံဇာတများကို စမ်းသပ်ထုတ်လုပ်နေမှုများကို လက်ရှိ နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေသည့်ကာလတွင် ရပ်တန့်ထားသင့်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ပြောသည်။

တောင်ကိုရီးယားအခြေစိုက် Posco International ကုမ္ပဏီက ရခိုင်ပြည်နယ် ကမ်းလွန်လုပ်ကွက် A-1 ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအဆင့် (၂) ကို တူးဖော်ဖို့ ကနဦးလုပ်ငန်းစဉ်များ စတင်တော့မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ရခိုင်သဘာ၀ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ထိုသို့  မှတ်ချက်ချ ပြောကြားလာကြခြင်း ဖြစ်သည်။

ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ အမှုဆောင်ဒါရိုက်တာ ဦးထွန်းကြည်က “ ဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက လက်ရှိမှာ မတည်ငြိမ်ဘူး။ ဒါ့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအရရော၊ လက်ရှိနိုင်ငံရေးအခြေအနေမှာပါ နိုင်ငံရဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မပေါ်ပေါက်လာခင်မှာ သဘာဝသယံဇာတထုတ်ယူမှု အားလုံးကို ရပ်ထားသင့်တယ်လို့ မြင်တယ်” ဟု ထောက်ပြပြောဆိုသည်။

Posco International  ကုမ္ပဏီမှ စီမံကိန်းအဆင့် (၂) တွင် အမေရိကန်ဒေါ်လာ သန်း (၄၇၀) ခန့်  ရင်းနှီးမြုပ်နှံထားဖို့ လျာထားပြီး နောက်ထပ်ဆောင်ရွက်မည့် စီမံကိန်း အဆင့်(၃) တွင်လည်း ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ရှိကြောင်း သိရသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် A-1၊ A-3 လုပ်ကွက်များ ပါရှိပြီး လုပ်ကွက် A-1 မှာ ရွှေနှင့် ရွှေဖြူ လုပ်ကွက်တို့ရှိပြီး အဆိုပါ လုပ်ကွက်များအတွင်းမှ ဖွံ့ဖြိုးရေးတွင်း ၄ တွင်းစီကို ထိုကုမ္ပဏီက  စီပွားဖြစ်တူးဖော်ရန် စီစဉ်ထားကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းရေးရာ စောင့်ကြည့်ရေးအဖွဲ့နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ရှားဆောင်ရွက်နေသူ ကိုမျိုးလွင်ကလည်း ရခိုင်ပြည်သူများ၏ အကျိုးခံစားခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့် မရှိသည့်ကာလတွင် ထိုစီမံကိန်းများကို လုံးဝရပ်တန့်ထားဖို့ လိုကြောင်း ပြောသည်။

 ကိုမျိုးလွင်က “ ရွှေသဘာဝဓာတ်ငွေ့ကရလာတဲ့ အကျိုးအမြတ်တွေကို ရခိုင်ပြည်နယ်က ပြည်သူတွေ ခံစားခွင့်မရရှိကြဘူး။ အဲဒီလိုမျိုး စီမံကိန်းတွေဟာ ဒေသခံလူထုအတွက် အများကြီး နစ်နာမှု ရှိနေတာတွေကိုလည်း တွေ့ရတယ်။ ပိုက်လိုင်းစီမံကိန်းမှာလည်း လယ်ယာမြေတွေနဲ့ ဥယျာဉ်မြေတွေ အများကြီး ပျက်စီးတာတွေရှိတယ်။ လျော်ကြေးတွေ အပြည့်အဝမပေးတာတွေကို လက်ရှိအချိန်ထိ ကြုံနေရတယ်” ဟု  ပြောသည်။

စီမံကိန်းများကြောင့် ရခိုင်ကမ်းလွန်တွင်ရှိသည့် ရေသယံဇာတများအနေဖြင့် အနည်းနှင့်အများ ထိခိုက်မှုရှိနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးလှုပ်ရှားဆောင်ရွက်နေသူ ကိုရန်နိုင်စိုးကလည်း ထောက်ပြ ပြောဆိုသည်။

ကိုရန်နိုင်စိုးက “Drilling (တူးဖော်ခြင်း) လုပ်မဲ့နေရာတွေမှာ စင်တွေဆောက်လာမယ်။ အဲဒီ စင်တွေဆောက်လာရင် သူတို့မှာ စက်ကိရိယာတွေ အများကြီးသုံးလာမယ်။ တကယ်လို့ တူးဖော်ဖြစ်မယ်ဆိုရင် ပင်လယ်ထဲမှာနေတဲ့ သတ္တဝါတွေနဲ့ ရေသယံဇာတတွေကတော့ ထိခိုက်မှုရှိမှာပါပဲ” ဟု ပြောသည်။

ကမ်းလွန်လုပ်ကွက် A-1 ရှိ ရွှေအဆင့် (၂) ဖွံ့ဖြိုးရေးစီမံကိန်းဧရိယာမှာ Drilling Campaign လုပ်ငန်းတွေကို semi-Submersible Drilling Rig ‘‘OCEAN MONARCH’’ ဖြင့် ဆောင်ရွက်နေစဉ်ကာလအတွင်း နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် တွင်းတူးဖော်မည့်  တည်နေရာများကို  ရေကြောင်းသတိပေးချက် (Notice to Mariners) ကို ထုတ်ပြန်ကြေညာထားသည်။

လက်ရှိ Posco International ကုမ္ပဏီက တူးဖော်ရေးလုပ်ငန်းစဉ် လုပ်မည့် ကမ်းလွန်လုပ်ကွက် A-1 သည် စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်အနီး ရခိုင်ပင်လယ်ပြင်အတွင်း ရှိကြောင်းသိရသည်။

အဆိုပါ ရွှေစီမံကိန်းကို Posco International ကုမ္မဏီက  အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့် ရရှိထားကာ ၅၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

ကျန်သည့် တောင်ကိုရီးယားကုမ္ပဏီ KOGAS က ၁၇ ရာနှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOEG) က ၁၅ ရာနှုန်း၊ အိန္ဒိယ အခြေစိုက် ONGC နှင့် GAIL တို့က ၈.၅ ရာနှုန်းစီ ထည့်ဝင် ရင်းနှီမြှပ်နှံထားသည်ဟု သိရသည်။

ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှ ထွက်ရှိသည့် ဓာတ်ငွေ့များကို တရုတ်အမျိုးသား ရေနံ ကော်ပိုရေးရှင်းထံ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှ စတင်ကာ ပိုက်လိုင်းများဖြင့်  ပို့လွှတ်ရောင်းချခဲ့ပြီး ဝယ်ယူရေးစာချုပ်အရ နေ့စဉ် ဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ကျော်ပို့လွှတ်နေရကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...