အန္တရာယ်ရှိနေသော ရသေ့တောင်ကမ်းနားလမ်းပြိုကျမှု ၆ လကြာသည့်တိုင်ပြုပြင်မှုမရှိသေး

အန္တရာယ်ရှိနေသော ရသေ့တောင်ကမ်းနားလမ်းပြိုကျမှု ၆ လကြာသည့်တိုင်ပြုပြင်မှုမရှိသေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်ရှိ ကမ်းနားလမ်းပြိုကျ၍ အန္တရာယ် ကျရောက်နိုင်ခြေရှိနေသည်မှာ  ၆ လခန့်ကြာသည့်မြင့်နေပြီဖြစ်သော်လည်း ယခုအချိန်ထိ ပြုပြင်မှုမရှိသေးဟု သတင်းရရှိသည်။

ရသေ့တောင်မြို့ ကမ်းနားလမ်းမှာ ယခင်က အက်ကွဲနေရာမှ လက်ရှိတွင် နိမ့်ကျပြိုပျက်သွားပြီ ဖြစ်သည့်အတွက် အလွန်စိုးရိမ်စရာဖြစ်နေ၍ အမြန်ဆုံးပြုပြင်ပေးရန်လိုအပ်သည်ဟု ရသေ့တောင်ဒေသခံ ကိုကျော်မင်းခိုင်က နိရဥ္စရာကိုပြောသည်။

“အဲ့နေရာက ပျက်စီးနေတော့ မြို့ထဲက ပတ်ပြီးသွားရတယ်။ သွားရလာရခက်ခဲသွားတယ်။ လမ်းပျက်နေတာ ၆ လလောက်ရှိပြီ။ အဲ့နားမှာ အိမ်လည်းရှိတယ်။ ဓာတ်တိုင်သာ လဲသွားရင် လူတွေအတွက် အန္တရာယ်အရမ်းများတယ်။ လမ်းပြိုနေတာလည်း ကြာပြီဖြစ်တဲ့အတွက် အတတ်နိုင်ဆုံးအမြန်လုပ်ပေးရင် ပိုကောင်းပါတယ်”ဟု ပြောသည်။

အဆိုပါကမ်းနားလမ်းကို ၂၀၁၉-၂၀၂ဝ ခုနှစ်တွင် ထက်မြက်စိုးစံ ဆောက်လုပ်ရေးကုမ္ပဏီက ကန်ထရိုက်ဆွဲ၍ ကျပ်သိန်း ၂ ထောင်အကုန်အကျခံ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ပြုလုပ်ပြီး၍ တစ်နှစ်ကျော်ခန့်ကြာပြီးနောက် ယခုနှစ် မေလခန့်မှစတင်ကာ အက်ကွဲရာများပေါ်လာပြီး ပြိုပျက်သွားခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က ပြိုပျက်နေသည့်ကမ်းနားလမ်းကို မြို့မိ၊ မြို့ဖ၏အစီအစဉ်အတိုင်းပြုလုပ်ပေးရန် ပြည်နယ်အစိုးရထံသို့ အောက်တိုဘာလတွင် တင်ပြထားပြီဟု ပြောသည်။

“လမ်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတွေက ကွင်းဆင်းလေ့လာတာရှိတယ်။ အဲ့တုန်းက ပြင်မယ့်အစီစဉ်ကို မြို့မိ၊ မြို့ဖတွေက သဘောမကျလို့ သူတို့ လုပ်ချင်တဲ့အစီစဉ်အတိုင်းလုပ်ဖို့ ပြည်နယ်အစိုးရကို တင်ပြထားတာရှိပါတယ်။ ခွင့်ပြုချက်ကျလာရင်တော့ လုပ်ပါတော့မယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် အန္တရာယ်ရှိသော ကမ်းနားလမ်းကိုအသွားအလာမပြုလုပ်ရန် စာများကပ်ကာ တားမြစ်ထားသည်ဟုလည်း ပြောသည်။

ပြိုပျက်နေသည့်ကမ်းနားလမ်းမှာ ပေ ၂ ထောင်ရှည်ပြီး အကျယ်မှာ ၁၈ ပေရှိကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...