ဇာတ်သဘင်များ ပွဲကခွင့်မရသည့်အတွက် ကြုံရာအလုပ်လုပ်ကိုင်နေကြရပြီး သဘင်ပညာရပ်ဆိုင်းသွားမည်ကို စိုးရိမ်နေရပြီ

ဇာတ်သဘင်များ ပွဲကခွင့်မရသည့်အတွက် ကြုံရာအလုပ်လုပ်ကိုင်နေကြရပြီး သဘင်ပညာရပ်ဆိုင်းသွားမည်ကို စိုးရိမ်နေရပြီ

ဇာတ်သဘင်များ ပွဲကခွင့်မရသည့်အတွက် စားဝတ်နေရေးအခက်အခဲရှိလာသဖြင့် ကြုံရာအလုပ်ကို လုပ်ကိုင်နေရသောကြောင့် မြန်မာ့အနုပညာလောကမှသဘင်ပညာ ရပ်ဆိုင်းသွားမည့်အရေး စိုးရိမ်နေရပြီဟု သုံးသပ်နေကြသည်။

ကိုဗစ် ပထမလှိုင်းစတင် ဖြစ်ပွားခဲ့သည်အချိန်မှ လက်ရှိအချိန်ထိ ဇာတ်သဘင်များကို ကပြခွင့် ရပ်ဆိုင်းထားသောကြောင့် သဘင်ပညာရှင်များ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း မွန်ပြည်နယ် သဘင်အစည်းအရုံး တွဲဖက်အတွင်းရေးမှူး ဒိုင်နာက ပြောသည်။

"အခုချိန်မှာ သဘင်ကြီး ရပ်သွားတာက စားဝတ်နေရေးအတွက် ဒီသဘင်ကြီးကို သူတို့ မစဉ်းစားနိုင်တော့ဘူး။ မိသားစု အခက်အခဲကို ဖြေရှင်းရတယ်ဆိုတော့လေ။ နောက်ထပ် ၂ နှစ်လောက်ဆို ကျွန်တော်တို့ သဘင်ဟာ တော်တော်လေးကို အညွန့်ကျိုးသွားမှာပေါ့နော်"ဟု ဒိုင်နာက ဆိုသည်။

ဇာတ်မင်းသား၊ မင်းသမီး၊ လူကြမ်း၊ ဆိုင်းဆရာ အပါအဝင် ဇာတ်သမားများသည် ကုန်ထမ်း၊ ဆိုင်ကယ် Taxi မောင်းခြင်း၊ Online Shopping လုပ်ကိုင်ခြင်း နှင့် ရော်ဘာအစေးခြစ် လုပ်ငန်းများကို လုပ်ကိုင်နေကြကြောင်း ၄င်းက ဆက်ပြောသည်။

ပွဲစီစဉ်ညွှန်ကြားသူ ဇာတ်ဆရာ ဦးတင်ဦးက "ဒီတိုင်းပဲ ရှေ့ဆက်သွားမယ်ဆိုရင်တော့ သဘင်သည်တွေ့ရဲ့ ဘဝကို တွေးလို့တောင် မရတော့ဘူး။ အလုပ်အကိုင်ကလည်း မရှိ မိသားစုဝင်တွေကလည်းများ အဲလိုမျိုးလေးတွေရှိတယ်"ဟု ပြောသည်။

ကိုဗစ်ကာလအတွင်း ဇာတ်သဘင်ကို ရပ်ဆိုင်းထားသည့် ကာလရှည်ကြများပြားသောကြောင့် ပွင့်လင်းရာသီတွင် ဇာတ်ပွဲလည်ပတ်ရန်  နှင့် ဇာတ်သမားများကို ထောက်ပံ့ပေးနိုင်မည့် ငွေကြေးမရှိတော့ကြောင်း ၄င်းကဆက်ပြောသည်။

ကိုဗစ်ဖြေလျော့မှုအနေဖြင့် ယခုပွင့်လင်းရာသီတွင် ပွဲများ ကခွင့်ရပါက သဘင်သမားများ၏ စားဝတ်နေရေး အဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း ဆိုင်းဆရာ ‌ဦးမောင်သိန်းက ပြောသည်။

"သဘင်ရာသီ မပွင့်လင်းတော့ ဇာတ်သမားတွေ အကုန် ဒုက္ခရောက်တာပေါ့။ သဘင်ရာသီလေးကောင်းရင် သဘင်လေးတွေ ထွက်ရရင်တော့ အနုပညာသမားတွေ စားဝတ်နေရေးတော့ အဆင်ပြေတာပေါ့။ အခုတော့ အခက်အခဲတွေနဲ့ ကြုံနေတာပေါ့"ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ယခင်နှစ်များက မွန်ဇာတ်သဘင် ၈ ဇာတ်၊ မြန်မာဇာတ်သဘင် ၃၄ ဇာတ်ရှိခဲ့ပြီး ဇာတ်ပွဲတစ်ခုတွင် ဇာတ်သမား ဦးရေ ၄၀ ကျော် ရှိကြောင်း သိရသည်။

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...