အာရှ၏ဒုတိယအကြီးဆုံးဖြစ်သည့် ဝန်ဖိုက်ဒီရေတောကို စစ်တပ်၊ ရဲနှင့် သစ်တောဌာနတို့ ၅ ရက်ကြာ ကင်းလှည့် စစ်ဆေး

အာရှ၏ဒုတိယအကြီးဆုံးဖြစ်သည့် ဝန်ဖိုက်ဒီရေတောကို စစ်တပ်၊ ရဲနှင့် သစ်တောဌာနတို့ ၅ ရက်ကြာ ကင်းလှည့် စစ်ဆေး
ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်
ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်

အာရှ၏ဒုတိယအကြီးဆုံးဒီရေတောဖြစ်သော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ဝန်ဖိုက်ဒီရေတောအတွင်း သစ်ခိုးထုတ်မှုမရှိစေရန် စစ်တပ်၊ ရဲနှင့် သစ်တောဌာနတို့က ၅ ရက်ကြာ ကင်းလှည့် စစ်ဆေးနေကြသည်ဟု သိရသည်။

ယင်းသို့စစ်ဆေးနေသော်လည်း သစ်ခိုးထုတ်မှုများဆက်ရှိနေဆဲဖြစ်သည်ဟု ဝန်ဖိုက်ဒီရေတောထိန်းသိမ်းရေးကော်မတီ အမှူဆောင် ဦးမျိုးမင်းထွန်းက နိရဉ္စရာကိုပြောသည်။

"ဝန်ဖိုက်ဒီရေတောက ကြိုးဝိုင်းမဖွဲ့ရသေးတာတွေပါဆိုရင် ဧကသိန်းကျော်တယ်လေ။ ဒီလောက်အများကြီးရှိတဲ့ဧကကို အခုလိုလူအင်အားလောက်နဲ့က ထိန်းဖို့မလွယ်ဘူး။ ဒီနေရာကမခုတ်ရဆိုရင် တခြားနေရာကသွားခုတ်ကြတယ်။ အခုချိန်ထိ လျော့ကျတာမရှိသေးဘူး။ ပုံမှန်ပဲ ထုတ်နေကြတယ်"ဟု ပြောသည်။

ဝန်ဖိုက်ဒီရေတောအတွင်း တရားမဝင် ထင်း/မျောများ ခိုးထုတ်မှုမရှိစေရန် ခလရ(၂၇၁)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးရဲဇော်သန်း၊ ရမ်းဗြဲမြို့နယ်ရဲအုပ်မျိုးလှိုင်ဝင်းနှင့် ရမ်းဗြဲမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ဇော်မင်းနိုင်တို့အပါအဝင် စုစုပေါင်း ၃၈ ဦးပါဝင်သော ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၃ ရက်မှ ၇ ရက်အထိ (၅)ကြာ ကင်းလှည့်စစ်ဆေးနေကြခြင်းဖြစ်သည်။

စတင်ကင်းလှည့်စစ်ဆေးစဉ် ထူးခြားမှုတစ်စုံတစ်ရာမတွေ့ခဲ့ဟုလည်း ရမ်းဗြဲမြို့နယ်သစ်တောဦးစီးဌာနမှူးက ကျောက်ဖြူခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးထံ ယမန်နေ့တွင် ပေးပို့လိုက်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

ရခိုင်တွင် တရားဥပဒေစိုးမိုးမှုအားနည်းသည့်အတွက် သစ်တောများသာမက ဒီရေတောများပါ ပြုန်းတီးလာရကြောင်း ဝန်ဖိုက်ပြားတောကာကွယ်ထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောသည်။

"အကောင်းဆုံးကတော့ တရားဥပဒေစိုးမိုးရေးကို အတတ်နိုင်ဆုံးလုပ်ဖို့လိုတယ်။ ရခိုင်ပြည်မှာ ဘယ်သူသစ်ခိုးထုတ်နေတယ်ဆိုတာ မြင်လိုက်တာနဲ့သိတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အစိုးရအဆက်ဆက်က တရားဥပဒေစိုးမိုးရေးကို အတိအကျမလုပ်နိုင်ခဲ့တဲ့အတွက် ရခိုင်မှာ သစ်တောတောင်မက အခုဆို ဒီရေတောပါပြုန်းတီးလာတဲ့အခြေနေပေါ့လေ"ဟု ပြောသည်။

ဝန်ဖိုက်ဒီရေတောသည် အာရှတွင် ဒုတိယအကြီးဆုံးဒီရေတောဖြစ်ပြီး ဧက ၅၆,၆၃၃ ရှိကြောင်း၊ လက်ရှိတွင် ဒီရေတောအတွင်း စက်လှေကြီးများဖြင့် သစ်ခိုးထုတ်နေကြသည့်အတွက် အရွယ်ရောက်ပြီးသော သစ်ပင်များ ၇၅ ရာခိုင်နှုန်းခန့်အထိပြုန်းတီးမှုရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများက ပြောသည်။

မော်တော်ဘုတ်များဖြင့် ကြီးကြီးမားမားထင်းလာခုတ်သည့်အထဲတွင် စစ်တွေ၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်တို့မှဖြစ်သည်ဟုလည်း ဝန်ဖိုက်ပြားတောကာကွယ်ထိန်းသိမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...