တန်ခိုးကြီး မဟာမုနိဘုရား သိမ်တိုင်များနှင့် သိမ်ခေါင်မိုးများပြုပြင်ရန် ကျပ်သိန်းပေါင်း ၅ သောင်းခန့်ကုန်ကျမည်

တန်ခိုးကြီး မဟာမုနိဘုရား သိမ်တိုင်များနှင့် သိမ်ခေါင်မိုးများပြုပြင်ရန် ကျပ်သိန်းပေါင်း ၅ သောင်းခန့်ကုန်ကျမည်

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ တန်ခိုးကြီးမဟာမုနိဘုရားတွင်ပြုပြင်နေသည့် သိမ်တိုင်များနှင့် သိမ်ခေါင်မိုးများပြုပြင်ရန် ကျပ်သိန်းပေါင်း ၅ သောင်းခန့်ကုန်ကျမည်ဟု သိရသည်။

 

သိမ်တိုင်များအနက် မဟာမုနိဘုရားဂန္ဓကုဋီတိုက်ရှိသိမ်တိုင် ၄၈ လုံးကို ဓညဝတီခေတ်က ဘုရင်စန္ဒသူရိယမင်းအား မြတ်စွာဘုရားရှင်က တရားဟောနေပုံအပါအဝင် ရုပ်ကြွများကို ကျောက်ဆစ်လက်ရာများနှင့် ပန်းကနုတ်များဖြင့်ပုံဖော်ပြုပြင်နေပြီး ကျန်အာရုံခံတန်ဆောင်း ၄ ခုရှိတိုင်များကို ကွန်ကရစ်တိုင်အဖြစ် ပြုပြင်နေခြင်းဖြစ်သည်။

 

အလားတူ မဟာမုနိဘုရားသိမ် ပင်မခေါင်မိုးကိုလည်း ရွှေရောင်စတီးပြား ခေါင်မိုးများအဖြစ် ပြောင်းလဲမိုးပေးသွားမည်ဖြစ်သည်။

 

ယင်းအပြင် မဟာမုနိဘုရားဂန္ဓကုဋီတိုက်အတွက် စစ်တွေမြို့မှ လောပန်းကိုယ်တော်(ခေါ်) ဦးအောင်ကျော်လင်းကလှူဒါန်းထားသည့် ကျောက်စိမ်းပြားများကိုခင်းသွားမည်ဖြစ်သလို ဂန္ဓကုဋီတိုက်အပြင်ဘက်မှ အာရုံခံတန်စောင်း ၄ ခုအတွက် ဖားကန့်မြို့ရှိ ရခိုင်လောပန်းများနှင့် အခြားတိုင်းရင်းသားလောပန်းများ စုပေါင်းလှူဒါန်းထားသည့် ကျောက်စိမ်းပြားများကိုလည်း ခင်းပေးသွားမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ငွေကြေးအမြောက်အများကုန်ကျရခြင်းဖြစ်သည်ဟု မဟာမုနိသိမ်တိုင်ပြုပြင်ရေးတာဝန်ခံ ဦးသန်းထွန်းက နိရဥ္စရာကို ပြောသည်။

 

မဟာမုနိဘုရားရှိ သိမ်တိုင်များနှင့် သိမ်ခေါင်မိုးများပြုပြင်နေမှုကို မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ၏ ဦးဆောင်ကာ တပည့်တကာ၊ တကာမများ၏ အလှူငွေဖြင့် ပြုပြင်နေခြင်းဖြစ်ပြီး ပြုပြင်မှုအားလုံးသည် လာမည့်နှစ် ၂ဝ၂၂ ခုနှစ်၊ မေလခန့်တွင်ပြီးစီးမည်ဟုလည်း ဆက်ပြောသည်။

 

“ကျောက်ဆစ်လက်ရာတွေ ထွင်းထုပြီးတော့ ကပ်ရတာကတော့ တိုင် ၁ လုံးကို ၁ ပတ်လောက်ကြာတယ်။ ဒီဟာက သမိုင်းကြီးတစ်ခုတွင်ကျန်ခဲ့မှာဖြစ်တဲ့အတွက် ဖြစ်ကတတ်ဆန်း တစ်ခုမှ မလုပ်နိုင်ဘူး။ တာရှည်ခံမယ့်ဟာရယ်၊ ခိုင်ခံ့ဖို့ရယ်၊ သေသပ်ဖို့ရယ် အားလုံးကိုစဉ်းစားတော့ ချက်ချင်းလုပ်လို့ မဖြစ်ဘူးပေါ့နော်” ဟု ပြောသည်။

မဟာမုနိဘုရားဂန္ဓကုဋီတိုက်ရှိ သိမ်တိုင်များနှင့် နံရံကပ်တိုင်များ၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အာရုံခံတန်ဆောင်းများရှိ သိမ်တိုင်များမှာ နှစ်ပေါင်း ၃ဝ ခန့်အကြာကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယိုယွင်းပျက်စီးလာနေပြီဟု သိရသည်။

 

ယင်းကြောင့် ဘုရားဖူးခရီးသည်များ အန္တရာယ်မဖြစ်စေရန် မြောက်ဦး ရတနာ့မာရ်အောင်ဆရာတော် အရှင်ဝါယာမိန္ဒက ဦးစီးကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်ပြုပြင်နေခြင်းဖြစ်သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...