သွင်းအားစုကုန်စည် ဈေးမြင့်မှုကြောင့် စပါးပေါ်ကာလမှာ အရှုံးပေါ်မှာ တောင်သူတွေ စိုးရိမ်နေရ

သွင်းအားစုကုန်စည် ဈေးမြင့်မှုကြောင့် စပါးပေါ်ကာလမှာ အရှုံးပေါ်မှာ တောင်သူတွေ စိုးရိမ်နေရ

စပါးပေါ်ကာလမှာ တောင်သူအများစု အရှုံးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး သွင်းကုန်ပစ္စည်းတွေ ဈေးမကျရင် လယ်ယာမြေကို စွန့်လွှတ်ရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အခုနှစ် မိုးစပါးနဲ့ လာမယ့်နှစ် နွေးစပါးအတွက် အခြေခံရည်ညွှန်းစပါးတင်း ၁၀၀ ဈေးနှုန်းကို ကျပ် ၅၄၀၀၀၀ သတ်မှတ်ထားတယ်လို့ အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 လက်ရှိမှာတော့ တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတာ၊ စပါးရိတ်သိမ်းကာလမှာ အလုပ်သမားစရိတ် အပါအဝင် ကုန်ကျစရိတ် ကြီးမြင့်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စပါးဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် ပေါက်ဈေးအတိုင်းသာ ရရှိနေတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ တောင်သူလယ်သမား တစ်ဦးက  အခုလိုပြောပါတယ်။

“ စပါးဈေးက အရင်နှစ်လည်း ဒီဈေးပဲ ၊ အခုလည်း ဒီဈေးပဲ ။ ဒါပေမယ့် အရင်နှစ်က ဓာတ်မြေသြဇာ တစ်အိတ်မှာ နှစ်သောင်း နှစ်သောင်းခွဲပဲ ၊ အခုကျတော့ တစ်အိတ်ကို ခြောက်သောင်း ခုနှစ်သောင်းဖြစ်တယ်။ ဒီဇယ်ဆီဆိုရင်လည်း  အရင်နှစ်က တစ်ပေပါ တစ်သိန်းခွဲက အခု သုံးသိန်းကျော်လောက် ဖြစ်နေတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်နယ်အတွင်း အခြေခံရည်ညွှန်းစပါးတင်း ၁၀၀ ဈေးနှုန်းဟာ ကျပ် ၅၄၀၀၀၀ ဝန်းကျင်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တောင်သူတွေဟာ စပါးပေါ်ကာလမှာ အဝယ်မရှိနေတဲ့အတွက်ကြောင့် စပါးရောင်းဖို့ပင် အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။

 ဒါကြောင့် ရေရှည်မှာ ဓာတ်မြေသြဇာ ဈေးနှုန်းမြင့်တက်တာနဲ့ အထွထွေကုန်ကျစရိတ် ကြီးမြင့်မှုကို ရင်ဆိုင်ရမယ်ဆိုရင် လယ်ယာမြေကို စွန့်လွတ်ရမယ့် ပုံစံဖြစ်နေတယ်လို့ တောင်သူလယ်သမားတစ်ဦးက ပြောပါတယ်။

“ ဒီမြေသြဇာ ဈေးနဲ့သာဆိုရင် တောင်သူတွေ ကျွန်တော်တို့ လယ်ယာမြေကိုတောင် စွန့်လွှတ်ရတော့မယ့် ပုံဖြစ်နေပြီး ။ လုပ်လို့ အကျိုးမှ မရှိတာ ။ ပိုက်ဆံလေးချေးပြီး သားသမီးတွေကို နိုင်ငံခြားပို့ပြီး လုပ်ကိုင်စားသောက်ရတော့မယ်” လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ စပါးစိုက်ဧက ၇ သိန်း နီးပါး ရှိနေတာ ဖြစ်ပြီး၊ ဒီနှစ်မှာတော့ ရေကြီးရေလျှံတာတွေကြောင့် စပါးစိုက်ဧက ၁၀၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံတာနဲ့ သဘာဝဘေးကြောင့် ပိုးမွှားကျရောက်ခဲ့ပြီး စပါးအထွက်နှုန်း လျော့ကျနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...