ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာမှ နေအိမ်တစ်အိမ်ကို စစ်တပ်ဝင်ရောက်စစ်ဆေး

ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာမှ နေအိမ်တစ်အိမ်ကို စစ်တပ်ဝင်ရောက်စစ်ဆေး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာကျေးမှ နေအိမ်တစ်အိမ်ကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီခန့်တွင် စစ်တပ်က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း  သတင်းရရှိသည်။

ဝင်ရောက်စစ်ဆေးခံခဲ့ရသည့်နေအိမ်မှာ လယ်ယာလုပ်ကိုင်သူ ဦးထွန်းဘော်ဆိုသူ၏ နေအိမ်ဖြစ်ကြောင်း အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

“  ရွာကို ဝင်လာတာက စစ်သား အင်အားတစ်ရာလောက်ပါပါတယ်။ လက်နက်တွေနဲ့ပါ။ အခုထိ အဲဒီ အိမ်မှာ စစ်သားတွေ ရှိနေကြပါသေးတယ်” ဟု အဆိုပါ စစ်တပ်ရောက်ရှိနေချိန်တွင် ရွာသားက ပြောသည်။

၎င်းစစ်ကြောင်းမှာ စစ်ကဲပြင်မူဆလင်ကျေးရွာ ရဲကင်းစခန်း ဖြိုဖျက်ခံရသည့် ကိစ္စဖြင့် စစ်ကဲပြင် ကျေးရွာသို့ ရောက်ရှိနေသည်မှာ ၂ ရက်ရှိနေပြီဖြစ်ကြောင်း၊ ၄င်းနောက် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြိုင်းတောင် ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း နောက်ထပ် ကျေးရွာလူကြီး တစ်ဦးက ပြောသည်။

“ အဲဒီစစ်ကဲပြင်ရဲကင်းစခန်း ကိစ္စနဲ့ သက်ဆိုင်မလား မသက်ဆိုင်ဘူးလားတော့မသိပေမယ့် ရွာထဲကို ဝင်လာတာကိုတော့ တွေ့တယ်” ဟုပြောသည်။

စစ်ကဲပြင် ရဲကင်းစခန်း၌ ရဲတပ်ဖွဲ့ဝင်မရှိသည်မှာ ၂ နှစ်ကြာပြီဖြစ်သော်လည်း လွန်ခဲ့သည့်  ၁ဝ ရက်ခန့်က လူမရှိသည့်အဆိုပါ ရဲကင်းစခန်းဖြိုဖျက်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ စစ်တပ်မှ ကင်းလှည့် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။

နေအိမ်တွင်းသို့ဝင်ရောက်စစ်ဆေးခံနေရသည့် အိမ်ပိုင်ရှင် ဦးထွန်းဘော်အား နိရဥ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အကြောင်းအရင်း တစ်စုံတစ်ရာ မသိရသေးပါ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပေါက်တောမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမင်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရတို့အား မေးမြန်းစုံစမ်းရန် ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဆက်သွယ်မှုမရရှိသေးပါ။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...