မအူပင်တွင် တပ်ထောက်ခံပွဲလုပ်မည့် နေရာအနီး ဗုံးပေါက်

မအူပင်တွင် တပ်ထောက်ခံပွဲလုပ်မည့် နေရာအနီး ဗုံးပေါက်

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ မအူပင် တံတားအဆင်းတွင်ရှိသော စစ်ဆေးရေးဂိတ်၌ ယနေ့၊ အောက်တိုဘာ ၃၁ ရက်၊ ည ၆ နာရီ ၃၅ မိနစ်ခန့် အချိန်တွင် ဗုံးပေါက်ကွဲခဲ့သည်။

ပေါက်ကွဲခဲ့သည့် နေရာသည် နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်မည့် တပ်ထောက်ခံပွဲနေရာအနီး ဖြစ်ကြောင်း ယခုဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သည့် "ရေဝတီရဲ့ စေတမာန်" အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"စစ်ကောင်စီ တပ်သားနဲ့ ရဲတွေရှိမယ့် အချိန်ကို မှန်းပြီး ဖောက်ခွဲခဲ့တာပါ။ ဒီကောင်တွေ ရှိတဲ့အချိန်နဲ့ ၅ မိနစ်လောက် လွဲသွားလို့ ဘယ်သူမှတော့ မထိခဲ့ပါဘူး။ ဒီည ပေါက်တဲ့နေရာက မနက်ဖြန် တပ်ထောက်ခံပွဲ လုပ်မယ့်နေရာနဲ့လည်း နီးနီးလေးပါ" ဟု ၎င်းက ပြောသည်။

"ရေဝတီရဲ့ စေတမာန်" အဖွဲ့သည့် မအူပင် PDF ၏ အဖွဲ့ခွဲ တစ်ဖွဲ့လည်း ဖြစ်သည်။

ယခုဖောက်ခွဲမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်းနှင့် အဆိုပါ စစ်ဆေးရေးဂိတ်သည် မအူပင်မြို့၌ ဗုံးပေါက်ကွဲမှု ဖြစ်တိုင်း စစ်ကောင်စီတပ်များနှင့် ရဲများက ပြည်သူများကို ပိတ်ဆို့ စစ်ရေးခြင်းများ မကြာခဏ ပြုလုပ်သည့် နေရာဟုလည်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီကျော် အချိန်က မအူပင်ခရိုင် ကုန်းလမ်းပို့ ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံး ရှေ့တွင် ပေါက်ကွဲခဲ့သည့် ဗုံးပေါက်ကွဲမှုကိုလည်း ၎င်းတို့ လုပ်ဆောင်ခဲ့သည် ဟု "ရေဝတီရဲ့ စေတမာန်" အဖွဲ့က ဆိုသည်။

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...