ပုသိမ်မြို့တဘက်ကမ်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ပုသိမ်မြို့တဘက်ကမ်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ပုသိမ်မြို့တဘက်ကမ်းမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများကပြောသည်။

သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားပြီး ယင်းပစ်ခတ်မှုသည် သတင်းပေးဆိုသူများအနက် ၄ ယောက်မြောက်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ပုသိမ်-ချောင်းသာ ကားလမ်းဘေးရှိကြောင်း ပန်ကုန်းကျေးရွာ လယ်လမ်းတွင် အမည်မသိအဖွဲ့တစ်ဖွဲ့က ဦးကျော်ကြီး အသက် ၅၀ နှစ်ကို သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်သွားခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခြင်း ဖြစ်သည်။

"နေရာမှာဘဲ ပွဲချင်းပြီးသေသွားတယ်။ ရွာက လူငယ်နှစ်ယောက်ရယ် ကြိုးတံတားနားမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ယောက်ရယ်ကိုတော့ ဖမ်းသွားတယ်" ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးကျော်ကြီးသည် ဦးခေါင်းနှင့် လည်ပင်းတို့တွင် သေနတ်ဒဏ်ရာ နှစ်ချက်ရရှိကာ သေဆုံးသွားပြီးသည်။

ပစ်ခတ်မှုဖြစ်ပြီး တစ်နာရီခန့်အကြာတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရောက်ရှိလာကာ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လူငယ် ၄ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက်ပြောသည်။

ပစ်သတ်ခံရသူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူးဖြစ်ကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သည်။

ထို့နောက် ကျေးရွာထဲသို့ စစ်သားများကို ခေါ်လာကာ ရွာခံများကို ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိကြောင်း၊ ရွာသားများကိုလည်း PDF မသင်္ကာသူဟုဆိုကာ ၎င်းကိုယ်တိုင် ဖမ်းဆီးမှုများရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ PSTF က တော်လှန်ရေးအတွက် ဆူးငြောင့်ခလုတ်ဖြစ်သည့် ကျော်ကြီးကို ဒလန်ဖြစ်ကြောင်း စီစစ်ပြီးမှ သုတ်သင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပုသိမ်မြို့တွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟု ဆိုကာ ပစ်သတ်ခံရသူ ၄ ဦး အထိရှိလာနေပြီး၊ အောက်တိုဘာလ ၂၀ ရက်နေ့ က အမှတ် ၅ ရပ်ကွက်မှတစ်ဦး၊ အောက်တိုဘာလ ၁၄ ရက်နေ့က အမှတ် ၈ ရပ်ကွက်မှ တစ်ဦးနှင့် စက်တင်ဘာ ၂၃ ရက်နေ့က ပုသိမ်တဘက်ကမ်း အမှတ် ၁ဝ ရပ်ကွက်မှတစ်ဦး ပစ်သတ်ခံခဲ့ရသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...