စစ်ကားအတွင်း ဗုံးပစ်သွင်း စစ်သား ၃ ဦးနှင့် ဗုံးပစ်သူတစ်ဦးသေ

စစ်ကားအတွင်း ဗုံးပစ်သွင်း စစ်သား ၃ ဦးနှင့် ဗုံးပစ်သူတစ်ဦးသေ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် စစ်ကောင်စီကားတစ်စီး ဗုံးပစ်သွင်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံးပြီး ဗုံးပစ်ခဲ့သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ကျော်ဝန်းကျင်အချိန်ခန့်က ပုသိမ်-ရန်ကုန် လမ်းမကြီး၏ ပုသိမ်-ကန်ကြီးထောင့်လမ်းပိုင်းပေါ်ရှိ ကညင်ငူကျေးရွာအနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးက စစ်ကားအနီးအရောက်တွင် ဗုံးပစ်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် ကားပေါ်တွင်ပါလာသည့် စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ပုသိမ်စစ်ဆေးရုံတွင် ဆေးကုသပေးထားသည်ဟု ဆေးရုံတာဝန်ရှိသူများက ပြောသည်။

စစ်ကားကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့် ဆိုင်ကယ်ကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပြန်ပစ်ရာ ဆိုင်ကယ်တွင်ပါလာသည့် လူငယ် ၂ ဦးအနက် ၁ ဦးက လွတ်မြောက်သွားပြီး၊ သေနတ်ကျည်ထိမှန်၍ ကျန်ခဲ့သည့်လူငယ်က ကန်ကြီးထောင့်ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားသည်ဟု လူမှုကူညီရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

”သေနတ်ဒဏ်ရာနဲ့ မိသွားတဲ့ ကောင်လေးကို ဒေါသတကြီးနဲ့ ဝိုင်းကန်ထိုးကျိတ်ကြတယ်“ ဟု မျက်မြင်တွေ့လိုက်သူတစ်ဦးက ပြောသည်။

ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ ပုသိမ်ခရိုင်က ထိုတိုက်ခိုက်မှုတွင် ၎င်းတို့၏ ရဲဘော်မောင်ကျော် ကျဆုံးသွားသဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုဖြစ်ပွားသည့် နေရာသည် ကန်ကြီးထောင့်မြို့ အဝင်လမ်းဆုံနှင့် ၁ မိုင်ခန့်သာကွာဝေးပြီး ပုသိမ်မြို့မှ ၁၅ မိုင်ခန့်ကွာ ဝေးသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ ညအချိန်တုန်းကလည်း ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာ အနီး တောတွင်းရှိ မြို့ပြ ပြောက်ကျားတပ်ဖွဲ့၏ စခန်းငယ်တစ်ခုကို အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့သော်လည်း နှစ်ဘက် ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...