မွန်နှင့်တနင်္သာရီဒေသမှာ ပျူစောထီးအဖွဲ့တွေက အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်လာ

မွန်နှင့်တနင်္သာရီဒေသမှာ ပျူစောထီးအဖွဲ့တွေက အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်လာ

မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေက အခုရက်ပိုင်းအတွင်း အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။

ပျူစောထီးအဖွဲ့တွေဟာ ဒီရက်ပိုင်းအတွင်း မွန်ပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်ရုံး ၃ ရုံးနဲ့ ထားဝယ်ခရိုင်က NLD ပါတီရုံးကို မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး ရေဖြူမြို့နယ် NLD ရုံးအရှေ့မှာလည်း အရပ်သားပြည်သူတစ်ဦးကို ခေါင်းဖြတ် သတ်ဖြတ်ပြီး လာရောက် ချိတ်ဆွဲခဲ့ပါတယ်။

ပျူစောထီးအဖွဲ့တွေရဲ့ အကြမ်းဖက် လုပ်ရပ်ဟာ ပြည်သူလူထုတွေကို ခြိမ်းခြောက်လာတာဖြစ်လို့ လုံခြုံရေးအတွက် စိုးရိမ်မှုရှိနေရတယ်လို့ အရပ်သားပြည်သူ တစ်ဦးက အခုလို ပြောပါတယ်။

“ဒီရက်ပိုင်းထဲမှာပဲ NLDရုံးတွေ ဗုံးခွဲခံထိတယ် မနေ့ကဆိုလို့ရှိရင်လည်း မော်လမြိုင်မှာ ဗုံးပေါက်တယ်လို့ကြားတယ်၊ အဲ့လိုကိစ္စမျိုးတွေ ခပ်စိတ်စိတ် ဖြစ်လာတာပေါ့လေ။ ဒါက ဗုံးပေါက်တယ် ဆိုတာက PDFတွေရဲ့ လက်ချက် မဟုတ်ပဲနဲ့ ပျူစောထီးတွေရဲ့ လက်ချက် ဖြစ်နေတယ်ပေါ့၊ အဲ့လို ဖြစ်လာတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကတော့ ပြည်သူအတွက်ကို စိုးရိမ်တယ်၊ PDFတွေကတော့ ရှင်းတယ် စစ်ကောင်စီရဲ့ ခြေတံလက်တံတွေကို သူတို့က ဖြတ်တယ်၊ အခု ပျူစောထီးတွေက ပြည်သူလူထုတွေရဲ့ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက် လာနိုင်တယ်” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

ပျူစောထီးအဖွဲ့တွေဟာ စစ်တပ်ကို ဆန့်ကျင်တဲ့ နေအိမ်တွေကို ဗုံးခွဲတိုက်ခိုက်တာ၊ အရပ်သားတွေကို ခေါင်းဖြတ် သတ်ဖြတ်တာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးတွေကို မိုင်းထောင်ဖောက်ခွဲပြီး ဖျက်ဆီးတာတွေကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် မော်လမြိုင်က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူရဲ့နေအိမ်ကိုလည်း သတိပေးစာကပ်ပြီး ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပျူစောထီး အဖွဲ့တွေဟာ ပြည်သူတွေကို အဓိကထား တိုက်ခိုက်တာတွေ လုပ်ဆောင်လာတဲ့အတွက်ကြောင့် သတိထားနေထိုင်ကြဖို့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လူငယ်တစ်ဦးက အခုလို တိုက်တွန်းပါတယ်။

“သူတို့ရဲ့ပစ်မှတ်က ပြည်သူတွေဖြစ်တဲ့အတွက် ဥပမာ လပြည့်နေ့တုန်းကဆိုရင် လူစည်နေတဲ့ပုံနဲ့ဆိုရင် ဘယ်လောက်တောင် လှုပ်ရှားလို့ကောင်းလိုက်မလည်းပေါ့။ ဒါကြောင့်မို့ လူစည်တဲ့နေရာတွေကို သိပ်မသွားကြပါနဲ့ ဒီကောင်တွေက ပြည်သူတွေထိခိုက်အောင်ပဲ သူတို့လုပ်မှာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ အစစအရာရာ သတိထားကြပါ၊ နောက်ပြီး စည်းလုံးကြပါ၊ ကျွန်တော်တို့ စည်းလုံးမယ်ဆိုရင် ပျူစောထီအဖွဲ့မပြောနဲ့ဗျာ စကစလိုတပ်ကြီးတောင် ကျွန်တော်တို့ ပြိုလဲပျက်စီးအောင် ကျွန်တော်တို့ လုပ်နိုင်မှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...