မိုးဗြဲ စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်၊ အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရ

မိုးဗြဲ စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်၊ အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အာဏာသိမ်းစစ်ကောင်စီတို့၏ တစ်ဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းတွင် ကယားပြည် (ကရင်နီပြည်) နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီမှ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် စည်ကား အမှတ် ၁ ရပ်ကွက်မှ အရပ်သားတစ်ဦးသေဆုံးပြီး အမှတ် ၃ ရပ်ကွက်ဘက်မှ ၄ နှစ်အရွယ်နှင့် ၁ နှစ်အရွယ် ကလေးငယ်နှစ်ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံပြောကြားချက်အရ သိရသည်။

“စစ်ကောင်စီတွေက ရမ်းပြီးပစ်တာ၊ လူတွေရှိတဲ့ဘက် မြို့ထဲကိုရမ်းပစ်တော့ လူရော အဆောက်အအုံတွေရော ထိတယ်၊ အမျိုသမီးတစ်ဦးသေဆုံးတယ်၊ ပြီးတော့ ကလေး ၂ ယောက်လည်း ဒဏ်ရာရသွားတယ်၊ စုစုပေါင်း ၆ ဦးဒဏ်ရာတယ်၊ စိုးရိမ်ရတယ်ပြောရမယ်” ဟု မိုးဗြဲမြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများကို ဌာနေပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ကုသစောင့်ရှောက်မှုများပေးနေပြီး အရေးပေါ်ဆေးဝါးနှင့် အသုံးပစ္စည်းများအပြင် တချို့သော သွေးအမျိုးအစားများလည်း အကူအညီလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတို့သည် ယနေ့ နံနက် ၈ နာရီဝန်းကျင်မှ စတင်ပြီး မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်အထိ မိုးဗြဲမြို့တွင်းသို့ ရမ်းသမ်းပစ်ခတ်မှုများ အဆက်မပြတ်ရှိနေသည့်အတွက် ဒေသခံပြည်သူများသည် နေအိမ်များကို စွန့်ခွာပြီး ဘေးကင်းရာသို့ ပြောင်းရွှေ့နေလျက် ရှိကြောင်း သိရသည်။

လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းချီတက်လာနေမှုကို တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) နှင့် ဌာနေပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ တန်ပြန် တိုက်ခိုက်နေလျက်ရှိပြီး လက်ရှိပစ်ခတ်မှုများအပြင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဘက်မှလည်း ခုခံဖို့ရှိနေလို့ မြို့ခံများအနေဖြင့် မြို့တွင်းမှ ဘေးလွတ်ရာသို့တိမ်းရှောင်ကြရန်လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...