အင်းတော်မြို့တွင် ဗုံး ၆ လုံးကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

အင်းတော်မြို့တွင် ဗုံး ၆ လုံးကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

အင်းတော်မြို့တွင် ဗုံး ၆ လုံးကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့အဝင် စင့်ဟောက်ကျေးရွာအနီးရှိ ဂျပန်ပိတောက်ပင်အောက်ရှိ သော်သော်ကွမ်းယာဆိုင်ရှေ့တွင် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ဗုံး ၆ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“သေတဲ့ သုံးယောက်စလုံး အရပ်ဝတ်နဲ့ဆိုတော့ ရဲလား စစ်သားလား ခွဲလို့မရသေးဘူး။ ဒဏ်ရာရတဲ့သူတွေလည်း ရှိသေးတယ်“ ဟု အသက် ၅၀ အရွယ် စင့်ဟောက်ကျေးရွာက အမျိုးသားတစ်ဦးက ပြောသည်။

သော်သော်ကွမ်းယာဆိုင်သည် အင်းတော်မြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်အနီးတွင်ရှိသည့် ကွမ်းယာဆိုင်ဖြစ်ပြီး စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များပါ ကွမ်းယာတောင်းစားနေသည့် ဆိုင်ဖြစ်သည်ဟု ဒေသခံရွာသားအချို့က ပြောသည်။

မန္တလေး၊ အင်းတော်၊ မြစ်ကြီးနား မဟာဗျူဟာလမ်းကြီးပေါ်ရှိ ယင်းဂိတ်တွင် ရဲသား ၁၅ ဦး၊ ရဲမေ ၂ ဦးခန့် အမြဲတမ်းရှိပြီး ဖြတ်သန်းသွားလာနေသည့်ကားများကို ငွေတောင်းသည့် ဂိတ်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဖားကန့် - မြစ်ကြီးနား ဘက်တက်သည် လောင်စာဆီတင် ကားတစ်စီးလျှင် ကျပ် ၅၀၀၀၀၊ ခရီးသည်တင် လေအိပ်ကားများကို ကျပ် ၂၀၀၀၀၊ ဘက်ဖိုးတင်ကားဆိုလျှင် ကျပ်တစ်သိန်း ကောက်ခံလေ့ရှိသည့် ဂိတ်ဖြစ်သည်။

ယခုဗုံးပေါက်ကွဲမှုသည် အင်းတော်မြို့တွင် ပထမဆုံးပေါက်ကွဲမှုဖြစ်ပြီး အဆိုပါပေါက်ကွဲမှုတွင် ဗုံး ၆ လုံး ဆက်တိုက်ပေါက်ကွဲခဲ့သဖြင့် တစ်မြို့လုံး ထိတ်လန့်နေသည်ဟု သိရသည်။

စင့်ဟောက်ကျေးရွာက အသက် ၄၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ကွဲမယ့်ကွဲတော့ ၆ လုံးဆက်တိုက်ကြီးဆိုတော့ တမြို့လုံး ကြောက်လဲကြောက် အံ့လဲသြကုန်တာပ“ ဟု ပြောသည်။

ယခုပေါက်ကွဲမှုသည် မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးပေ။

ကသာခရိုင်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်မြို့နက်များတွင် စက်တင်ဘာလကတည်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

အင်းတော်မြို့သည် အထက်မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့တစ်မြို့ဖြစ်ပြီး မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိ၍ မန္တလေးမြို့မှ မီးရထားလမ်းဖြင့်ဆိုပါက မိုင်ပေါင်း ၂ဝ၆ မိုင်ကွာဝေးသည့် မြို့တစ်မြို့ဖြစ်သည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...