တောင်ကုတ် NLD မှ ဝန်ကြီးဟောင်းဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့အပါအဝင် ၁ဝ ဦး စစ်အာဏာသိမ်းမှုဆန့်ကျင်မှုဖြင့် ဖမ်းဆီးထောင်ချခံထားရခြင်းမှ လွတ်မြောက်

တောင်ကုတ် NLD မှ ဝန်ကြီးဟောင်းဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့အပါအဝင် ၁ဝ ဦး စစ်အာဏာသိမ်းမှုဆန့်ကျင်မှုဖြင့် ဖမ်းဆီးထောင်ချခံထားရခြင်းမှ လွတ်မြောက်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် NLD မှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့အပါအဝင် ၁ဝ ဦးသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုဖြင့် ဖမ်းဆီးထောင်ချခံထားရခြင်းမှ လွတ်မြောက်သွားပြီဟု သိရသည်။

လွတ်မြောက်လာသူများမှာ တောင်ကုတ် NLD မှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင် (လက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုရင်ဆိုင်နေရဆဲ)၊ တောင်ကုတ် NLD မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် (လက်ရှိ ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုရင်ဆိုင်နေရဆဲ)၊ တောင်ကုတ် NLD ဝန်းရံသူ ကိုသန့်ဇင်ဖြိုးနှင့် ကိုချစ်မောင်မောင်၊ ဂွမြို့နယ် NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ဂွမြို့ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလူနီနှင့် ဆန္ဒပြရာတွင်ဝန်းရံခဲ့သူ ကိုအောင်စိုးမိုး၊ မာန်အောင်မြို့နယ် NLD မှ ဦးဝင်းနိုင်နှင့် ဦးကျော်ဆွေတို့ဖြစ်သည်။

၄င်းတို့သည် လွန်ခဲ့သည့် အောက်တိုဘာ ၁၈ ရက်မှ ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့အထိ ၅ ရက်အတွင်း လွတ်မြောက်လာခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူများနှင့် မိသားစုဝင်များက နိရဥ္စရာအားပြောသည်။

၄င်းတို့အနက် ဝန်ကြီးဟောင်း ဦးမင်းအောင်မှာ ဘေးစီမံဥပဒေပုဒ် (၂၅) နှင့် ငြိမ်းစုစီပုဒ်မ (၁၉) တို့ဖြင့် လွတ်မြောက်လာခဲ့သော်လည်း ရခိုင်ဝန်ကြီးဟောင်း ၄ ဦးနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် စစ်တွေအကျဉ်းထောင်တွင် ဆက်လက်တရားစွဲထိန်းသိမ်းခံထားရဆဲဖြစ်သည်။

အလားတူ တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်မှာလည်း  ဘေးစီမံဥပဒေပုဒ် (၂၅) ဖြင့်လွတ်မြောက်လာခဲ့သော်လည်း ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်သည်။

တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က “ကျွန်တော့်အမှုကို တစ်မှုပိတ်သိမ်းပေးပါတယ်။  ငြိမ်းစုစီပုဒ်မ (၁၉) ကတော့ ကျန်သေးတယ်။ ကိုချစ်မောင်မောင်ကတော့ ဒီနေ့တောင်ကုတ်အချုပ်ခန်းက လုံးဝလွတ်သွားပြီ” ဟုပြောသည်။

ဦးတင်သိန်းအောင်သည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ဘေးစီမံပုဒ်မ (၂၅) နှင့် ငြိမ်းစုစီပုဒ်မ (၁၉) တို့ဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ဇူလိုင်လ ၁၂ ရက်တွင် အာမခံဖြင့်လွတ်မြောက်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက်တွင် ဘေးစီမံပုဒ်မ (၂၅) ကို အမှုပိတ်သိမ်းကာ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

သူသည် ငြိမ်းစုစီပုဒ်မဖြင့် လာမည့် အောက်တိုဘာ ၂၇ ရက်နေ့တွင် ရုံးချိန်းခေါ်ယူခြင်းခံထားရသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးသည့် အထက်တန်းရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများတွင် ပါဝင်သည့် ဒေါ်ချစ်ချစ်ချောက သူမသည် မြင်းခြံအကျဉ်းထောင်မှ အောက်တိုိဘာ ၁၈ ရက်တွင် လွတ်မြောက်လာခြင်းဖြစ်ပြီး လတ်တလောတွင် ၄င်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများ၌ ပြောဆိုလိုစိတ်မရှိသေးဟု ပြောသည်။

ဒေါ်ချစ်ချစ်ချောသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ၍ တောင်ကုတ် NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့်အတူ မေလ ၁၂ ရက် ည ၈ နာရီခန့်က ရန်ကုန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၎င်းတို့နှစ်ဦးအား ဇွန်လ ၈ ရက်တွင် စစ်ခုံရုံးက ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(က) ဖြင့် ထောင်ဒဏ် (၃) နှစ်စီ အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်မှ လွတ်မြောက်လာသူများသည် မြန်မာနိုင်ငံတွင် စစ်အာဏာဆန့်ကျင်ဆန္ဒပြမှုနှင့်ပတ်သက်၍ အကျဉ်းကျနေသူ ၁၃၂၆ ဦးနှင့် အမှုရင်ဆိုင်နေရသူ ၄၃၂ဝ ဦးကို နစကကောင်စီက အောက်တိုဘာ ၁၈ ရက်မှစတင်ကာ အမှုပိတ်သိမ်းပြီးပြန်လွတ်ပေးခဲ့ရာတွင် ပါဝင်သူများဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးထောင်ချခံထားရသူများအနက် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ သမီးဖြစ်သူ မမိုးဆန်းစုကြည်နှင့် တောင်ကုတ် NLD မှ ဒေါ်နီနီမေမြင့်တို့ ၃ ဦးလွတ်မြောက်မှုမရှိသေးဟု သိရသည်။

 
 

 

 

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...