နေရပ်ပြန်နိုင်ရေး အစိုးရက အေကြာင်းမပြန်သော်လည်း တင်းမရွာသားများ မနက်ဖြန် နေရပ်ပြန်မည်ဟုဆို

နေရပ်ပြန်နိုင်ရေး အစိုးရက အေကြာင်းမပြန်သော်လည်း တင်းမရွာသားများ မနက်ဖြန် နေရပ်ပြန်မည်ဟုဆို
ဓာတ်ပုံ - တင်းမရွာပြန်လည်ထူထောင်ရေးကော်မတီ
ဓာတ်ပုံ - တင်းမရွာပြန်လည်ထူထောင်ရေးကော်မတီ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ တင်းမရွာသားများနေရပ်ပြန်နိုင်ရေး အစိုးရဘက်က အကြောင်းတစ်စုံတစ်ရာပြန်ကြားခြင်းမရှိသေးသော်လည်း မနက်ဖြန် အောက်တိုဘာလ ၂၂ ရက်တွင် နေရပ်ပြန်ကြတော့မည်ဟု တင်းမဆရာတော် ဦးဝါယမိန္ဒက နိရဥ္စရာကို မိန့်သည်။

"အကြောင်းပြန်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ မနက်ဖြန်တော့ ဆရာတော်တို့ ရွာသားတွေနဲ့အစည်းဝေးလုပ်ပြီး ဆုံးဖြတ်ချက်ရတာနဲ့ လူဘယ်လောက်ပြန်မလဲ။ စာရင်းပြုစုပြီး ရုံးကိုတင်ပြမယ်။ ပြီးရင် တပ်မတွေ၊ စည်ပင်တွေကိုအကြောင်းကြားပြီး ရွာပြန်မယ်" ဟု ပြောသည်။

တင်းမရွာသားများနေရပ်ပြန်နိုင်ရေး မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များအား ရှင်းလင်းပေးရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းအပါအဝင် အနောက်ပိုင်းတိုင်းစစ်ဌာန်ချုပ်တိုင်းမှူးတို့ထံ ဧပြီလ ၂၆ ရက်၊ မေလ ၁၀ ရက်နှင့် စက်တင်ဘာလ ၂ ရက်တို့တွင် (၃) ကြိမ်တိုင်တိုင် စာတင်တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာအကြောင်းပြန်ကြားမှုမရှိ၍ အောက်တိုဘာလ ၇ ရက်တွင် တင်းမဆရာတော်ကိုယ်တိုင် နယ်လုံဝန်ကြီးနှင့် နယ်လုံဝန်ကြီးရုံးခန်းသို့ သွားရောက်တွေ့ဆုံခဲ့ရသည်။

ယင်းသို့တွေ့ဆုံရာတွင် မိုင်းရှင်းပေးရေးကိစ္စကို နယ်လုံဝန်ကြီးက တစ်စုံတစ်ရာ အာမခံပြောဆိုခဲ့ခြင်းမရှိသော်လည်း အောက်တိုဘာ ၂၂ ရက်တွင် နေရပ်ပြန်နိုင်ရေး ကြိုးစားပေးမည်ဟုသာ ပြောဆိုခဲ့သည်ဟု ဆရာတော်က နိရဥ္စရာကို မိန့်သည်။

သို့သော် လက်ရှိအချိန်အထိ ရွာသားများကို တစ်စုံတစ်ရာဆက်သွယ်ပြောကြားလာခြင်းမရှိသေးဟု ဆိုသည်။

တင်းမရွာပြန်လည်ထူထောင်ရေးကော်မတီဝင် ဦးမောင်တုတ်ကြီးက “နေရပ်စွန့်ပြီး စစ်ဘေးရှောင်စခန်းမှာ နေရတဲ့အတွက် စီးပွားရေးမလုပ်ကိုင်ရတော့ မိသားစုဝင်ငွေထိခိုက်တယ်။ ကျပ်တည်းစွာနေထိုင်ကြရတဲ့ဘဝဖြစ်တဲ့အတွက် ကျွန်တော်တို့နေရပ်ပြန်ချင်တယ်” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကိုဆက်သွယ်ခဲ့သော်လည်း ယခုကိစ္စကို သူ မသိသေးဟု ဆိုသည်။

ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်နှင့် နယ်လုံဝန်ကြီးတို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

တင်းမကျေးရွာအနီး ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ရွာသားများသည် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ထွက်ပြေးခိုလှုံခဲ့ရသည်။

ရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြစဉ် ရွာအတွင်း နေအိမ် ၅၈၅ လုံးအနက် ၁၃၂ လုံးမီးရှို့ခံခဲ့ရပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့်နေအိမ် ၉၃ လုံးရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

လက်နက်ကြီးထိမှန်ပြီး ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများလည်း ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

 
 

 

 

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...