KNDF အမှတ် (၁) တပ်ရင်းမှ စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးဝန်ဆောင်မှု လိုက်လံဆောင်ရွက်ပေးနေ

KNDF အမှတ် (၁) တပ်ရင်းမှ စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးဝန်ဆောင်မှု လိုက်လံဆောင်ရွက်ပေးနေ
Photo - Karenni Nationalities Defense Force-KNDF-BO1 Dee Maw Soe Zone
Photo - Karenni Nationalities Defense Force-KNDF-BO1 Dee Maw Soe Zone

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁) တပ်ရင်းမှ စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လိုက်လံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

“ကျနော်တို့ ဒီအတောအတွင်းကတော့ နည်းနည်းငြိမ်သေးတယ်လို့ ပြောလို့ရတယ်ပေါ့နော။ အဲ့ခါကျတော့ အနောက်တန်းမှာရှိတဲ့ ရဲဘော်တွေကို ဒီအတိုင်းမနေခိုင်းဘဲနဲ့ ကျန်းမာရေးဌာနဆိုပြီး ဖွဲ့ထားတာရှိတယ်။ ဆေးတပ်သားတွေကို သူတို့အရင်ဆုံးပြည့်စုံအောင် သင်တန်းပို့ချပေးတယ်ပေါ့နော။ ပို့ချပေးပြီးတော့ သူတို့ကို တစ်ပတ်တစ်ခါပေါ့ စစ်ရှောင်စခန်းတွေမှာ သူတို့ကို ကုသပေးတယ်။ တချို့ ရဲမေတွေ ကျောင်းဆရာ၊ ဆရာမတွေတချို့ရှိတယ်ပေါ့နော။ သူတို့ကို ပြန်လိုက်စုစည်းတယ်။ ပြီး စစ်ရှောင်စခန်းတွေမှာ ကလေးတွေကို စာသင်ပေးလေ့ရှိပါတယ်။ တစ်ပတ်တစ်ခါ Activity တစ်ခုမဟုတ် တစ်ခုတော့ အမြဲလုပ်ပေးတယ်ပေါ့နော စစ်ရှောင်စခန်းတွေမှာ။” လို့ KNDF အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

KNDF - အမှတ် (၁) တပ်ရင်းမှ ဆေးတပ်သားတွေ ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တယ်လို့ KNDF BO1 Dee Maw Soe Zone က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် KNDF အမှတ် (၂) တပ်ရင်း၊ တပ်ခွဲ (၃) မှ ဆေးတပ်သားတွေလည်း ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို သင်ယူနေတယ်လို့ သိရပါတယ်။

KNDF တပ်ရင်းအသီးသီးမှ စားနပ်ရိက္ခာဖြစ်စေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းဖြစ်စေ၊ အခြားလိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုပါက လာရောက်ဆက်သွယ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

“လိုအပ်ချက်ကတော့ အများကြီးပါ။ ကျနော်တို့ တပ်ရင်းရဲဘော်အတွက်လည်း ဆေးဝါးက အလုံအလောက်မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဒုက္ခသည်အဖွဲ့ကိုလည်း ကျနော်တို့ရရှိတဲ့အလှူငွေတွေ အလှူခံပြီးရရှိတဲ့ဆေးဝါးတွေနဲ့ ကျနော်တို့လည်း သုံးတယ်။ ကျနော်တို့ဘေးပတ်ဝန်းကျင်က မိသားစုတွေ မိဘပြည်သူတွေအတွက်လည်း ကျနော်တို့က လုပ်ပေးတယ်ပေါ့နော။ ဆေးဝါးကလည်း အပြည့်အစုံရှိတယ်လို့တော့ မဟုတ်ပါဘူး။ အမြဲတမ်းရှာနေရတယ် ရုန်းကန်နေရတယ်ပေါ့နော လက်နက်အင်အားဆိုရင်လည်း အပြည့်အဝမရှိဘူး။ ရိက္ခာပိုင်းမှာဆိုရင်လည်း ရှာနေရတဲ့ပုံစံမျိုးပေါ့။” လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ ထိပ်တိုက်ရင်ဆိုင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး တစ်ဖက်မှာလည်း စစ်ရှောင်စခန်းတွေမှာ သွားရောက်ကူညီတာတွေ ကျန်းမာရေးဝန်ဆောင်မှုပေးတာတွေ စိတ်ဓတ်မြှင့်တင်ရေးဆိုင်ရာ ကဏ္ဍတွေကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...