ထိန်းသိမ်းခံထားရသည့် သတင်းမီဒီယာသမား (၁ဝ) ဦးထက်မနည်း လွတ်မြောက်လာ

ထိန်းသိမ်းခံထားရသည့် သတင်းမီဒီယာသမား (၁ဝ) ဦးထက်မနည်း လွတ်မြောက်လာ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိန်းသိမ်းခံခဲ့ထားရသည့် သတင်းမီဒီယာသမား ၁ဝ ဦးထက်မနည်း ယနေ့တွင် လွတ်မြောက်လာကြောင်း သိရသည်။

၎င်းတို့သည် ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့လယ်ပိုင်းတွင် အကျဉ်းထောင်နှင့် အချုပ်အသီးသီးတို့မှ လွတ်မြောက်လာခြင်းဖြစ်သည်။

လွတ်မြောက်လာသူများမှာ DVB သတင်းထောက် ကိုမင်းညို၊ ကိုကောင်းမြတ်နိုင် (ခ) ကိုအောင်ကျော်၊ မုံရွာအောင်ရှင်၊ Kachin Wave မှ ဦးလရော်၊ 74 မီဒီယာမှ မချမ်းဘူး၊ မဆိုင်းနုပန်၊ Mizzima မီဒီယာမှ ဒေါ်သင်းသင်းအောင်၊ မြိတ်မြို့နယ်မှ Mizzima သတင်းထောက်ကိုဇော်ဇော်၊ ကိုဂျိမ်းစ်၊ ခေတ်ပုံရိပ်မှ ကိုအောင်ခန့်နှင့် ဦးကျော်မြင့်တို့အပါအဝင် စုစုပေါင်း ၁ဝ ဦးထက်မနည်း ပါဝင်သည်ဟု သိရသည်။

ပုဒ်မ ၅ဝ၅ (ခ) ဖြင့်တရားစွဲခံခဲ့ရပြီး လွတ်မြောက်လာသည့် မြိတ်မြို့နယ်မှ Mizzima သတင်းထောက်ကိုဇော်ဇော်က “ထောင်ထဲမှာတော့ ရိုက်နှက်စစ်ဆေးခံရတာမရှိဘူး။ သူတို့ဖမ်းဆီးတဲ့အချိန်မှာ ရိုက်နှက်ခံရတာရှိခဲ့ပါတယ်။ မီဒီယာသမားတစ်ယောက်အနေနဲ့ မီဒီယာ ကျင့်ဝတ်နဲ့အညီ ကျွန်တော်တို့ရေးသားတယ်။ သူတို့ဘက် မဟုတ်မမှန် ရေးသားတယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ” ဟု နိရဥ္စရာကို ပြောသည်။

ယနေ့ မြိတ်မြို့အကျဉ်းထောင်မှ ၄င်းနှင့်အတူ ပုဒ်မ (၅ဝ၅) ဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် DVB သတင်းထောက်ကိုကောင်းမြတ်နိုင် (ခ) ကိုအောင်ကျော်တို့နှစ်ဦးအပါအဝင် အကျဉ်းသား (၈၄) ဦးလွတ်မြောက်လာခဲ့ကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးမတည်ငြိမ်မှုများအတွင်း အကျဉ်းထောင် အချုပ်ထောင်/စခန်းအသီးသီးမှာ အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/အကျဉ်းသူ (၁၃၁၆) ဦးနှင့် အကြမ်းဖက်မှုပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးတို့၏အမှုများကို နစက ကောင်စီက ယနေ့တွင် အမှုပိတ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီးနောက် ယခုကဲ့သို့ လွတ်မြောက်လာခြင်းဖြစ်သည်။

ရခိုင်အခြေစိုက်သတင်းသမားတစ်ဦးဖြစ်သူ ကိုသန်းလှိုင်က “လွတ်လာကြတာကို ကြိုဆိုပါတယ်။ သတင်းသမားတွေကို ဖမ်းတာကိုတော့ သဘောမကျချင်ပါဘူး။ နောက်ထပ်ဖမ်းဆီးခံထားရတဲ့သတင်းသမားတွေကိုလည်း ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

တပ်မတော်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖမ်းဆီးခံသတင်းသမား ၅ဝ ဦးခန့် ဖမ်းဆီးခံထားရကြောင်း Myanmar Press Freedom In- Depth က ထုတ်ပြန်ထားသည်။

 
 

 

 

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...