တွံတေးမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

တွံတေးမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးမြို့ တောင်ဘက်ရှိ လာကပုံကျေးရွာမှ အသက် ၅၀ အရွယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

ယနေ့အောက်တိုဘာလ ၁၈ ရက် မနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် တွံတေး-ကော့မှူးလမ်းမပေါ်ရှိ လာကပုံကျေးရွာနှင့် နှစ်မိုင်ခန့်အကွာ ဘုရားကြီးကျေးရွာရှိ ဇောတိကလက်ဖက်ရည်ဆိုင်တွင် ၎င်း၏ နောက်စေ့အား သေနတ်ဖြင့် ပစ်ခံရပြီး ယင်းနေရာမှာပင် သေဆုံးသွားခြင်းဖြစ်သည်။

“သူကအရင်တုန်းက ချဲဒိုင်ကိုင်တယ်။ စစ်တပ်ကအုပ်ချုပ်ရေးမှူးခန့်ပြီးနောက်ပိုင်း ဧည့်စာရင်းတိုင်ခိုင်းတာတွေ၊ ကျောင်းပြန်ဖွင့်ဖို့လုပ်တာတွေ၊ ပြောရမယ်ဆိုရင် စစ်တပ်အလိုကျ လိုက်လုပ်ပေးနေတဲ့သူပေါ့။ ဒါကြောင့်ကျွန်တော်တို့ အဖွဲ့က ရှင်းလိုက်တာပါ” ဟု မြို့ပြပြောက်ကျားအဖွဲ့ (တွံတေး) ၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူက မဇ္စျိမ ကိုပြောသည်။

ဖြစ်စဉ်ဖြစ်ပွားပြီး ၁ နာရီခွဲခန့်အကြာတွင် စစ်ကောင်စီတပ်သားနှင့် ရဲများ အင်အား၆၀ ခန့်ဖြင့်ရောက်လာပြီး လက်ဖက်ရည်ဆိုင်မှ ဆိုင်ရှင်အမျိုးသား၊ အမျိုးသမီးနှစ်ဦးနှင့် လက်ဖက်ရည်သောက်နေသူ အရပ်သားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုအုပ်ချုပ်ရေးမှူးအား သွားရောက်ပစ်ခတ်သည့် မြို့ပြပြောက်ကျားအဖွဲ့ (တွံတေး) အဖွဲ့ဝင်မှာ ဘေးကင်းရာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ခေါင်းဆောင်က ပြောသည်။

“ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ ပါဝင်လာတယ်ဆိုတာ စစ်တပ်ရဲ့ပြည်သူတွေအပေါ် ပြုလုပ်တဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို လုံးဝမခံနိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ အသက်ပေးပြီး ခုလိုလုပ်နေတာဖြစ်တယ်။ အဲဒီတော့စစ်တပ်ရဲ့လက်ပါးစေတွေကိုလည်း စစ်တပ်အတွက် ခုလိုထပ်လုပ်နေမယ်ဆိုရင်တော့ သူတို့အသက်တွေကို နုတ်ယူဖို့ ဝန်လေးနေတော့မှာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

တွံတေးမြို့၊ မြို့ပြပြောက်ကျားတပ်ဖွဲ့အား အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပန်လှိုင်ကျေးရွာအုပ်စု၊ အဂ္ဂါတ်တန်းကျေးရွာက Mytel တာဝါတိုင်နှင့် သ၀န်းတောကျေးရွာအုပ်စု၊ သ၀န်းတောကျေးရွာရှိ Mytel တာဝါတိုင်အား ဖွဲ့စည်းသည့်နေ့တွင်ပင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ (တွံတေး) ထံက သိရသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...