စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက်ရှေ့နေကို သတင်းပြန်ကြားခွင့်ပိတ်ပင်

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက်ရှေ့နေကို သတင်းပြန်ကြားခွင့်ပိတ်ပင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုလိုက်ရှေ့နေကြီးကို နိုင်ငံခြားသံတမန်များနှင့် မီဒီယာများသို့ သတင်းထုတ်ပြန်ဖြေကြားခြင်းမပြုရန် စစ်ကောင်စီဘက်က ပိတ်ပင်လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းကတစ်ဆင့်သိရသည်။

ရှေ့နေဦးခင်မောင်ဇော်ကို ပြည်တွင်းပြည်ပ သတင်းဌာနများ၊ နိုင်ငံခြားသံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ၎င်းအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့ (NGO) များနှင့် ၎င်းအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူများ ၊ပြင်ပအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ မပြုလုပ်ရန် တားမြစ်လိုက်သည်ဟု ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး အောက်တိုဘာလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၄၄ ထုတ်ကာ စာထုတ်တားမြစ်လိုက်ခြင်းဖြစ်သည်။

“အေး အေး ကျုပ် ပါးစပ်ကို ဝမ်းဖိုးဖိုးထုတ်လိုက်တယ်“ ဟု ရှေ့နေကြီးက သူ၏ လူမူကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်ကိုလည်းတွေ့ရသည်။

တားမြစ်သည့်စာတွင် “ဦးခင်မောင်ဇော်၏ ဆက်သွယ်ပြောဆိုချက်များသည် တရားဥပဒေနှင့်အညီ ဆောင်ရွက်ရသော ပုဂ္ဂိုလ်တစ်ဦးဦးအား နှောက်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်ဆုံးရှုံးမှု၊ အများပြည်သူတို့၏ ငြိမ်ဝပ်မှုနှင့် ရုန်းရင်းဆန်ခတ်ဖြစ်မှုတို့ကို ဖြစ်ပေါ်စေနိုင်သည်“ ဟု ပါရှိကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ထို့အပြင် တရားလွှတ်တော် ရှေ့နေဦးခင်မောင်ဇော် အနေဖြင့် ပြည်တွင်း/ပြည်ပသတင်းဌာနများနှင့်ဆက်သွယ်၍ သက်သေများ၏ ရုံးရှေ့ထွက်ဆိုချက်များ၊ စွပ်စွဲခံရသူများ၏ ထွက်ဆိုချက်များကို ထုတ်ပြန်ပြောဆိုခြင်းအပေါ် ထွေအုပ်က တားမြစ်ကြောင်းလည်း စာတွင် ရေးသားဖော်ပြထားသည်။

နေပြည်တော် အထူးတရားရုံးတွင် တံခါးပိတ်ကြားနာစစ်ဆေးသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတကြီးတို့ပါဝင်သော အမှုများနှင့်ပတ်သက်၍ တရားခွင်ဖြစ်ပေါ်တိုးတက်မှုကို ရှေ့နေ ဦးခင်မောင်ဇော်က သတင်းမီဒီယာများသို့ ပုံမှန်ပေးပို့နေခဲ့ပြီး အဆိုပါထုတ်ပြန်ချက်များသည် အမှုလိုက် ရှေ့နေများထုတ်ပြန်တတ်လေ့ရှိသော လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည်။

ရှေ့နေကြီး၏ပြန်လည်ပြောပြချက်ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွပ်စွဲချက်တစ်ခုဖြစ်သည့် အဂတိလိုက်စားသည်ဆိုသောအမှုတစ်ခုတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် ရွှေခုနှစ်ပိသာပေးခဲ့သည်ဟု တရားလိုပြသက်သေအနေဖြင့်ထွက်ဆိုခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က "All absurds" (မဟုတ်တန်းတရားတွေ) ဟု ပြန်လည်တုံ့ပြန်ပြောဆိုသည်ကို ပြည်သူများကြားသိကြရသည်။

ထို့အတူ အာဏာသိမ်းတပ်၏ ထိပ်တန်းစစ်ဘက်အရာရှိကြီးနှစ်ဦးက သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေး အကြောင်းပြနှုတ်ထွက်ရန်နှင့် " ငြင်းဆန်နေလျှင် ပိုပြီး အထိနာလိမ့်မည်" ဟု ပြောဆိုခဲ့ခြင်းကို သမ္မတကြီးက လိုက်လျောရန် ငြင်းဆန်ခဲ့ပုံကို တရားခွင်တွင်ကိုယ်တိုင်ထွက်ဆိုခဲ့ကြောင်း ပြည်သူများကြားသိကြရသည်။

ထို့နောက်ပိုင်းတွင် ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မော်ဇော်၏ သတင်းပြန်ကြားမှုကို ထိန်းချုပ်ခြင်းပေါ်ထွက်လာခဲ့သည်။

အလားတူပင် နိုင်ငံ့ခေါင်းဆောင်များ၏ အမှုလိုက်ရှေ့နေအဖွဲ့ထဲမှ နောက်ထပ်ရှေ့နေတစ်ဦးကိုလည်း အုပ်ချုပ်ရေးမှူးကတွေ့ရန် ဆင့်ခေါ်ထားသည်ဟု မဇ္ဈိမက ယခုသတင်းပေးပို့ချိန်တွင် သိရသည်။ အသေးစိတ်ကိုတော့ မသိရသေးပါ။

အကယ်၍သာ အဆိုပါရှေ့နေလည်း သတင်းပြန်ကြားခွင့်ပိတ်ပင်ခံရလျှင် အဖွဲ့ထဲတွင် စစ်ကောင်စီကတားမြစ်ပိတ်ပင်ခံရသော သုံးဦးမြောက်ရှေ့နေဖြစ်လာပါလိမ့်မည်။

သြဂုတ်လပထမပတ်အတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေနေ့ ဒေါ်စန်းမာလာညွှန့်အနေဖြင့် နိုင်ငံခြားသံတမန်အပါအဝင် သတင်းမီဒီယာများ နှင့် INGO အဖွဲ့အစည်းများသို့ ဆက်သွယ်ခြင်းနှင့် ပြန်လည်ဖြေဆိုခြင်းများ မပြုလုပ်ရန် ရန်ကုန် ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးက ခံဝန်ကတိ ရေးထိုးခိုင်းခဲ့သေးသည်။

လက်ရှိအချိန်တွင် အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်၏အတိုင်ပင်ခံမှာ တရားစွဲဆိုခံသည့်အမှု ၁၁ မှုရှိနေပြီး တပတ်လျှင်ရုံချိန်း လေးရက်တရားရင်ဆိုင်နေရကာ သမ္မတ ဦးဝင်းမြင့်အနေဖြင့် တပတ်လျှင် နှစ်ရက် တရားရင်ဆိုင်နေရသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...