ပျူစောထီးအဖွဲ့ဝင် ၃၀ ခန့် လက်နက်နှင့် ပြည်သူ့ဘက် အလင်းဝင်ကူးပြောင်းလာဟု ထီးလင်းကာကွယ်ရေးတပ်ပြော

ပျူစောထီးအဖွဲ့ဝင် ၃၀ ခန့် လက်နက်နှင့် ပြည်သူ့ဘက် အလင်းဝင်ကူးပြောင်းလာဟု ထီးလင်းကာကွယ်ရေးတပ်ပြော
ယနေ့ပြည်သူနှင့်အတူ ပူးပေါင်းလာသော ပျူစောထီးအဖွဲ့ဝင်များနှင့် ယူဆောင်လာသော လက်နက်များကို တွေ့ရစဉ်
ယနေ့ပြည်သူနှင့်အတူ ပူးပေါင်းလာသော ပျူစောထီးအဖွဲ့ဝင်များနှင့် ယူဆောင်လာသော လက်နက်များကို တွေ့ရစဉ်

ထီးလင်းမြို့တွင် စစ်ကောင်စီတပ်များက စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးတပ်ဖွဲ့ဝင် ၃၀ နီးပါး လက်နက်များနှင့်အတူ ပြည်သူဘက်ကို ပူးပေါင်းပါဝင်လာကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောသည်။

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်ရှိ ပျူစောထီးများ တူမီးသေနတ် ၂၅ လက်နှင့်အတူ လက်နက်ချပြီး ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဘက်ပြောင်းလာခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ် (YDF- ထီးလင်း) တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဇီးတောကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်က တူမီးသေနတ် ၂၄ လက်နှင့် ထိန်တိုင်းကျေးရွာမှ လက်လုပ်တူမီးသေနတ်တစ်လက်တို့ ယူဆောင်လာခြင်းဖြစ်သည်။

စုစုပေါင်း ဘက်ပြောင်းလာသူ ပျူစောထီးအဖွဲ့ဝင် ၃၀ နီးပါးရှိသည်ဟု ပြောသည်။

“စစ်ကောင်စီက သူတို့ကို ဘာမှကာကွယ်နိုင်စွမ်းမရှိဘူးဆိုပြီး ဖြစ်သွားတာ။ အဲတော့ ငါတို့ ဒီဒေသမှာ စစ်ကောင်စီကို အားကိုးလို့မရဘူးဆိုတဲ့စိတ် ဝင်သွားတာနဲ့တူပါတယ်။ ကျွန်တော်တို့ကို ကမ်းလှမ်းလာတာပါ” ဟု ထီးလင်း YDF က ပြောသည်။

အောက်တိုဘာ ၁၀ ရက်နေ့က အဖွဲ့ဝင်များကို ဝေငှရန် ထီးလင်းရဲစခန်းမှ ဆိုင်ကယ်သုံးစီးဖြင့် တူမီးသေနတ်များသယ်ဆောင်လာသော ပျူစောထီးများကို ထီးလင်း-ရေမျက်နီလမ်းပိုင်းတွင် ထီးလင်း-YDF က ကြားဖြတ်တိုက်ခိုက်ရာ တူမီးသေနတ် အလက် ၂၀ ကို သိမ်းဆည်းရရှိခဲ့သေးသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် ပျူစောထီးအဖွဲ့တစ်ဦး သေဆုံးခဲ့ပြီး တူမီးသေနတ်အလက် ၂၀ နှင့်အတူ ဆိုင်ကယ်သုံးစီးကို ထီးလင်း-YDF က သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။

“သူတို့သွားတဲ့လမ်းကြောင်းကို ဖြတ်ပြီးတိုက်တာ။ အဲတော့ သူတို့က ရဲကို အကြောင်းကြားတယ်။ ရဲတွေက တစ်ယောက်မှ ရောက်မလာဘူး။ စစ်ကောင်စီကလည်း တစ်ယောက်မှ ရောက်မလာဘူး။ မရောက်လာတော့ သူတို့စိတ်ထဲမှာ အားကိုးစရာမရှိ လုံခြုံမှုမရှိတဲ့သဘော ဖြစ်သွားတာ” ဟု ထီးလင်း YDF တာဝန်ရှိသူက ပြောသည်။

လက်ရှိမှာ ပျူစောထီးအဖွဲ့ဝင်ကိုင်ဆောင်သည့် လက်လုပ်တူမီးသေနတ် စုစုပေါင်း ၄၅ လက်ကို ထီးလင်း YDF က သိမ်းဆည်းထားသည်။

ထီးလင်းမြို့နယ်ရှိ တခြားကျေးရွာနှစ်ရွာတွင် ကျန်ရှိနေသော ပျူစောထီးအဖွဲ့ဝင်များကိုလည်း ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ရန် ထီးလင်း-YDF ဘက်က ကမ်းလှမ်းထားပြီး ထိုကျေးရွာနှစ်ရွာကိုမှု ၎င်းတို့က ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ခဲ့သည်။

YDF များအားကောင်းသည့် ယောဒေသနယ်မြေတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အင်တာနက်လည်း ဖြတ်တောက်ခံထားရသည်။

 
 

 

 

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...