ပေါက်တောဆေးရုံကို ခုတင် ၅ဝ ဆံ့ဆေးရုံအဖြစ် သတ်မှတ်ပေးရေး ဒေသခံများ တောင်းဆို

ပေါက်တောဆေးရုံကို ခုတင် ၅ဝ ဆံ့ဆေးရုံအဖြစ် သတ်မှတ်ပေးရေး ဒေသခံများ တောင်းဆို

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို ခုတင် ၅ဝ ဆံ့ဆေးရုံအဖြစ်သတ်မှတ်ပေးရေး တောင်းဆိုလိုက်ကြကြောင်း သိရသည်။

ပေါက်တောမြို့ရှိ ၂၅ ခုတင်ဆံ့မြို့နယ် ပြည်သူ့ဆေးရုံသည် လူနာများအတွက် ဆေးကုသရန်အဆောင်များ မလုံလောက်မှုကြောင့် ခုတင် ၅ဝ ဆံ့ ဆေးရုံအဖြစ် တောင်းဆိုရခြင်းဖြစ်သည်ဟု ပေါက်တောမြို့နယ် လူမှုကွန်ရက်ဥက္ကဋ္ဌ ဦးကျော်ဝင်းက နိရဥ္စရကို ပြောသည်။

“ဆေးရုံကတော့ အဓိက ဆောက်ပေးစေချင်ပါတယ်။ လူနာတွေက များလာတော့ ဆေးကုသဖို့နေရာ မလုံလောက်ဘူး။ အခက်ခဲရှိတယ်” ဟုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီက ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်နယ်ကောင်စီဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းဦးဆောင်သော ကောင်စီအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံများတွေ့ဆုံပွဲတွင် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအပြင် မြစ်ဘေးနားတွင်ရှိနေသော ပေါက်တောမြို့မစျေး၌ မြစ်ဘက်တွင် အကာအရံမရှိသောကြောင့် စျေးအတွင်းဖောက်ထွင်းခိုးယူမှုများလည်းရှိနေပြီး စျေးသူ၊ စျေးသားများက မြစ်အတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်မှုများကြောင့် အကာအရံများ ကာပေးရန်လည်း ယင်းနေ့တွင် မြို့ခံများက တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

“စျေးက အထိန်းအကွပ်မရှိတော့ ခိုးသူတွေများလာတယ်။ အမှိုက်တွေလည်းစည်းကမ်းမဲ့ပစ်ကြတယ်။ စည်ပင်ဝန်ထမ်းလည်း လုံလုံလောက်လောက်မရှိဘူး” ဟု ပြောသည်။

ယင်းနေ့က တောင်းဆိုရာတွင် ပေါက်တောမြို့လယ်ချောင်း၌ အမှိုက်သရိုက်ပစ်ထားမှုများကြောင့် တိမ်ကောမှုမဖြစ်အောင် ပြန်လည်ထိန်းသိမ်းရန်၊ ပေါက်တော အထက ကျောင်းပျက်စီးယိုယွင်းမှုကို ပြန်လည်ပြုပြင်ရန်နှင့် မြို့နယ်တွင်း စိုက်ပျိုး၊ မွေးမြူရေးများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် စသည့်အချက်များကိုလည်း ထည့်သွင်းတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ယခုတောင်းဆိုချက်များနှင့်ပတ်သက်ပြီး ပြန်လည်စိစစ်ဆောင်ရွက်ပေးသွားမည်ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပြောဆိုသွားခဲ့ကြောင်း တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးက ပြောသည်။

 
 

 

 

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...