ရခိုင်ပြည်နယ်မှ ရမ်ဆာဒေသတွင် အမဲလိုက်ခြင်းများမရှိစေရေးအတွက် ရှောင်တခင်ကင်းလှည့်စစ်ဆေးခြင်းများ လုပ်ဆောင်သွားမည်

ရခိုင်ပြည်နယ်မှ ရမ်ဆာဒေသတွင် အမဲလိုက်ခြင်းများမရှိစေရေးအတွက် ရှောင်တခင်ကင်းလှည့်စစ်ဆေးခြင်းများ လုပ်ဆောင်သွားမည်
Photo Crd - BANCA
Photo Crd - BANCA

ရခိုင်ပြည်နယ်ရှိ ရမ်ဆာ (ရေဝပ်ဒေသထိန်းသိမ်းရေး) ဒေသဖြစ်သည့် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြားတွင်ရှိသည့် နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့တွင် အမဲလိုက်ခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း မရှိစေရေးအတွက် ရှောင်တခင်ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးဌာနမှ သိရသည်။

ထိုသို့ပြုလုပ်ရာတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများသာမကပဲ၊ ဒေသဆိုင်ရာအာဏာပိုင်များနှင့်ဖြစ်စေ သို့မဟုတ် မြန်မာစစ်တပ်ဖြင့်ဖြစ်စေ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်က DMG သို့ပြောသည်။

“ပုံမှန်ကျနော်တို့အဖွဲ့အစည်းတွေနဲ့ဆိုရင် သွားလိုု့ရတဲ့နေရာတွေအထိသွားတာတွေရှိတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ဆိုရင် သီးခြားစီမံချက်တွေရေးဆွဲပြီး သွားဖို့အစီအစဉ်ရှိပါတယ်။ မဟုတ်ရင် ကျွန်တော်တို့လာမှာကြိုသိနေကြရင် အဲ့ဒီမှာ တစ်ယောက်မှ ရှိကြတော့မှာမဟုတ်ဘူးလေ” ဟု သူကရှင်းပြသည်။

ပြည်သူများအနေဖြင့်လည်း အဖိုးတန် သဘာဝနယ်မြေများ ရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းကိုလည်း ၄င်းကဆက်ပြောသည်။

နံ့သာကျွန်းပေါ်တွင် လူအချို့မှ လိပ်ဥတူးခြင်း၊ ငှက်ဖမ်းခြင်းများကို လုုပ်ဆောင်နေသည်ကို မကြာခဏတွေ့မြင့်ရလေ့ရှိကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူ အမည်မဖော်လိုသည့် ချိန်ခါလီကျေးရွာသားတစ်ဦးက ဆိုသည်။

“အဲဒီကျွန်းက သောင်တွေပေါ်မှာ လိပ်ဥရှာတဲ့သူတွေ၊ ငှက်ပစ်၊ ငှက်ဖမ်းတဲ့သူတွေကိုတော့ ငါးဖမ်းထွက်ရင် ခဏခဏတွေ့ရလေ့ရှိတယ်။ ကျွန်းမှာ ဂုံးတွေလည်းရတော့ ဂုံးရှာတဲ့သူတွေလည်း တွေ့ရတယ်။ အချို့ဆိုရင် အဲ့ကျွန်းမှာ သွားနေတယ်လို့လည်းကြားတယ်” ဟု အဆိုပါဒေသခံကျေးရွာသားက ဆိုသည်။

နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့ကို ရမ်ဆာ (ရေဝပ်ဒေသ) ထိန်းသိမ်းရေးနယ်မြေအဖြစ် ရမ်ဆာကွန်ဗေးရှင်းက မေလ ၂၂ ရက်နေ့တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ရခိုင်ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RBANCA) နှင့် (BANCA) အသင်းများ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် နံ့သာကျွန်းနှင့် မေယုမြစ်ဝအား နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသ (ဆိုက်အမှတ်-၂၄၂၁) အဖြစ် သတ်မှတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါနေရာ၏ အနီးတဝိုက်တွင် ကျေးရွာပေါင်း (၈) ရွာခန့်ရှိပြီး ဒေသခံများမှာလည်း ၄င်းကျွန်းပေါ်တွင်နေထိုင်ကာ လုပ်ကိုင်စားသောက်လျှက်ရှိကြောင်းလည်း သိရသည်။

ရမ်ဆာရေဝပ်ဒေသဖြစ်သည့် နံ့သာကျွန်းနှင့် မေယုမြစ်ဝသည် ဧရိယာအားဖြင့် ဟက်တာပေါင်း ၃၆၀၈ ဟက်တာ (၈၉၁၆ ဧက) ခန့် ကျယ်ဝန်းကာ ဇီဝမျိုးစုံမျိုးကွဲများစွာအတွက် အရေးကြီးကျက်စားရာနေရာအဖြစ် ထောက်ပံ့ပေးနေသည့် ဒေသတစ်ခုလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုးယွန်းကြီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့၊ အင်းလေးကန် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောဟူ၍ ရမ်ဆာဒေသ ၅ ခုရှိခဲ့ပြီး နံ့သာကျွန်းနှင့်မေယုမြစ်ဝသည် ဆဋ္ဌမမြောက် ရမ်ဆာ (ရေဝပ်ဒေသ) အဖြစ် သတ်မှတ်ခံခဲ့ရသည့် နေရာတစ်ခုလည်းဖြစ်သည်။

Most read this week

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...