သိန္နီမြို့နယ် စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ပစ်သတ်

သိန္နီမြို့နယ် စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ပစ်သတ်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့က တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း စုံစမ်းသတင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် သိန္နီမြို့နယ်မှ မိုင်းကျက်၊ မိုင်းယော်တို့နှင့် ထိစပ်နေသည့် ဟူးလောင်ကျေးရွာမှ ရွာသားတစ်ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်တွင် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဟူးလောင်ရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီနဲ့ ကိုးကန့်တို့ ဒီဟူးလောင်ရွာအနီး တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်နေတော့ ကိုးကန့်တွေက သူတို့အတွက် လမ်းပြဖို့ဆိုပြီး ဒီရွာသားကို ခေါ်သွားတာ၊ သူ့တို့ကို လမ်းပြပေးတဲ့သူကို သူတို့က အိမ်ပြန်ဖို့ လွတ်ပေးတော့ လမ်းမှာ စစ်ကောင်စီနဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတာပဲ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၃ ရက် မနက် ၆ နာရီဝန်းကျင်တွင်လည်း သိန္နီမြို့နယ်ရှိ မန်လွင်ကျေးရွာအထက်မှ ခေခမ်းတောင်တွင် ကိုးကန့်တပ်ဖွဲ့နှင် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

“မန်လွင်ရွာနားမှာ တိုက်ပွဲဖြစ်ပွားတာပါ၊ မနက်စောစောပဲ ပစ်ကြတာ၊ ရွာထဲကနေတောင် အသံတွေကြားနေရလို့ တချို့က စစ်ဘေးရှောင်ဖို့ ပြင်နေကြပြီ၊ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့လည်းပစ်နေတော့ တိုက်ပွဲပိုကြမ်းလာမှာ ကြောက်ရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့သည် ပြီးခဲ့သည့် ဇွန်လအတွင်းမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ယနေ့ ၄ လကျော် ကြာလာသည်အထိ တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲ သတင်းရရှိသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...