နမ့်ခမ်းမြို့နယ် လက်နက်ကြီးကျ ကလေးငယ် (၃) ဦးထိ၊ တစ်ဦးသေဆုံး

နမ့်ခမ်းမြို့နယ် လက်နက်ကြီးကျ ကလေးငယ် (၃) ဦးထိ၊ တစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တွန်းဟုန်းကျေးရွာအုပ်စု နမ့်စန်းကျေးရွာထဲတွင် ယမန့်နေ အောက်တိုဘာ (၁၁) ညနေ ၄ နာရီ ဝန်းကျင်က လက်နက်ကြီးကျ ပေါက်ကွဲမှုဖြစ်သဖြင့် ကလေးငယ် (၃) ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ထိုလက်နက်ကြီးသည် မည်သည့်လက်နက်ကိုင်ဘက်မှပစ်သည့် လက်နက်ကြီးဖြစ်သည်ကို ယနေ့ထိမသိရှိကြောင်း၊ ထိုလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး (၃) ဦးထိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကလေး (၃) ယောက်အိမ်ရှေ့မှာဆော့နေတာ။ ဘယ်ဘက်က ကျလာတဲ့ လက်နက်ကြီးလည်းမသိဘူး။ သူတို့နားပေါက်ကွဲသွားတာ။ နမ့်ခမ်းဆေးရုံကို ခေါ်သွားတဲ့ အချိန်မှာ အသက် (၁၂) ပဲ ရှိသေးတဲ့ ကလေးတယောက်က လမ်းတဝက်မှာသေဆုံးသွားတယ်” ဟု နမ့်စန်းကျေးရွာဒေသခံတဦးက ပြောသည်။

ထိုလက်နက်ကြီးကြောင့် မယုံအီ (၁၉) နှစ်၊ လွေးအီလ (၁၂) နှင့် မိုင်းအိုက်လေး (၈) နှစ် အရွယ်ကလေးတို့က ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လွေးအီလသည် သေဆုံးသွားကြောင်း သိရသည်။

လက်ရှိတွင် မိုင်းအိုက်လေးသည့် ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်းနေကြောင်း၊ အဆုတ်ထိသောကြောင့် ပိုက်ထည့်ထားရကြောင်း သိရသည်။

“(၃) ယောက်ထိတာ။ ၁ ယောက်သေတယ်လေ။ အခုက မိုင်းအိုက်လေးက ခွဲစိတ်ကုသဖို့လိုတယ်တဲ့။ သူမှာ အဆုတ်ထိသွားတာ။ အခု ပိုက်ထည့်ထားရတယ်။ ကျန်းမာရေးနည်းနည်း စိုးရိမ်ရတယ်” ဟု ၎င်းတို့ကို ကူညီပေးနေသည့်သူက ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းမှုကြောင့် ထို လက်နက်ကြီးထိခံထားရသူများသည် ဆေးကုသရန်အတွက် အခက်ခဲများစွာရှိနေကြောင်း သိရသည်။

“အခုက မီးသွေး၊ လက်ဖက်တွေလည်းရောင်းလို့မရဘူးလေ။ သူမိဘက ကလေးသဂြိုလ်ဖို့နဲ့ ဆေးကုသပေးဖို့ ပိုက်ဆံမတက်နိုင်ဘူး။ ကျနော်တို့ အခုက အလှူရှင်တွေကို ရှာပေးနေတယ်။ စီးပွားရေးမကောင်းတော့ အကုန်လုံးက ခက်ခဲနေတာ။ သူတို့ ဒီလိုဖြစ်တော့ ပိုဆိုးနေတယ်” ဟု အထက်ပါ ကူညီပေးနေသည့်သူက ပြောသည်။

လွေးအီလ နှင့် မိုင်းအိုက်လေး တို့သည့် မောင်နှမ ဖြစ်ကြောင်းသိရသည်။

နမ့်စန်းဒေသတွင် တိုက်ပွဲမဖြစ်ပွားသည့် ဒေသဖြစ်ကြောင်း၊ ထိုနေရာတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့လှုပ်ရှားသည့် နေရာဖြစ်သည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...