နောင်ချိုမြို့ Lockdown ချထားပြီးနောက် စားဝတ်နေရေးခက်ခဲလာ

နောင်ချိုမြို့ Lockdown ချထားပြီးနောက် စားဝတ်နေရေးခက်ခဲလာ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသဖြင့် Lockdown ချထားကာ ဈေးများပါ ပိတ်ထားရသဖြင့် ပြည်သူများ အခက်အခဲကြုံနေရကြောင်း စုံစမ်းသိရှိရသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်- ၁၉ မြင့်တက်လာမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ Lockdown ချထားခိုင်းပြီး ယနေ့ထိတိုင်း ပြန်ဖွင့်ပေးခြင်းမရှိကြောင်း၊ ဈေးများကိုလည်း ပိတ်ထားရသဖြင့် အလုပ်အကိုင်မရှိကာ ပြည်သူများ စားဝတ်နေရေးအတွက် စိုးရိမ်လာရကြောင်း နောင်ချိုမြို့ ပရဟိတ အဖွဲ့ဝင်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခုတလောတော့ ပြည်သူတွေက စားဝတ်နေရေးခက်ခဲနေတယ်။ လော့ဒေါင်းလည်း ချထားခံရတဲ့ မြို့ဖြစ်တယ်။ ပြီးတော့ ဈေးလည်းပိတ်ထားတော့ ပြည်သူတွေ ဈေးမရောင်းရတော့ ဈေးသည်မိသားစုတွေ စားဝတ်နေရေးအတွက် ခက်ခဲလာတယ် “ ဟု နောင်ချိုမြို့ ပရဟိတ အဖွဲ့ဝင်တဦးက ပြောသည်။

ထို့အပြင် လက်ရှိကာလမှာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာသောကြောင့် ပြည်သူများက ရှေ့ရေးအတွက် စိုးရိမ်နေကြရကြောင်း နောင်ချိုမြို့ ဒေသခံတဦးက ပြောသည်။

“ဟုတ်တယ်။ အခုက ကုန်ဈေးနှုန်းတွေလည်း ဈေးကြီးလာတယ်။ အလုပ်ကိုင်ကလည်း မရှိဘူး။ ဝင်ငွေလည်း မရှိဘူး။ ရှိတာကိုပဲ ချွေးတာပြီးစားသောက်နေရတယ်။ ရှေ့ဒီလိုဆက်ဖြစ်နေရင်တော့ စားဝတ်နေရေးက ပိုခက်ခဲလာမှာကို စိတ်ပူနေရတယ်” ဟု နောင်ချိုမြို့ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

လက်ရှိ နောင်ချိုမြို့ မြို့ပေါ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ လျော့ကျလာသော်လည်း ‌ကျေးရွာဘက်တွင် ပိုးတွေ့လူနာ မြင့်တက်လာနေလျက်ရှိကြောင်း သိရသည်။

“အရင်ကထက်တော့ လျော့လာတယ်။ အရင်က တရက်ကို ၅၀ ဆို ခုက ၂၀ လောက်ပဲ တွေ့တော့တယ်။ ပြီးတော့ မြို့ပေါ်တော့ နည်းနည်းကျလာပြီး။ ဒါပေမယ့် ကျေးရွာဘက်က ပိုပြီးတက်လာတာတွေရှိတယ်။ အရင်ကဆို ကျေးရွာတခုလုံးကို လော့ဒေါင်းချလိုက်ရတာရှိတယ်” ဟု အထက်ပါ ပရဟိတ အဖွဲ့ဝင်တဦးက ပြောသည်။

နောင်ချိုမြို့တွင် လက်ရှိ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၃၀၀၀ ကျော်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...