ကျောက်မဲ ပုံဝိုးကျေးရွာဒေသခံ (၁၆၀) ကျော် ကိုဗစ်ကူးစက်ခံရ

ကျောက်မဲ ပုံဝိုးကျေးရွာဒေသခံ (၁၆၀) ကျော် ကိုဗစ်ကူးစက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာတွင် ဒေသခံ (၁၆၀) ကျော် ကိုဗစ်ပိုး ကူးစက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းကစပြီး ပုံဝိုးကျောင်းတိုက်ရှိ ဦးဇင်းတစ်ပါး အနံ့ပျောက်ရာမှ ကိုဗစ်စစ်ဆေးလိုက်ရာ ပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

“ကျောင်းမှာ ဦးဇင်းတစ်ပါးက အနံ့မရလို့ စစ်ကြည့်လိုက်တာ ပိုးတွေ့တယ်၊ နောက်ထပ်စစ်ကြည့် လိုက်တော့ ကိုရင်နဲ့ဦးဇင်း အားလုံး (၃၈) ပါး ကိုဗစ်ပိုး တွေ့ခဲ့တယ်။ အဲ့ချိန် ရွာထဲမှာလည်း နေမကောင်းတဲ့သူတွေ အရမ်းများနေတော့ စစ်ကြည့်လိုက်တာ၊ ပိုးကူးစက်တဲ့သူတွေက အရမ်းကို များသွားတယ်” ဟု ပုံဟိုးကျောင်းတိုက်မှ ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်မှစပြီး ယနေ့ချိန်ထိ ကျောက်မဲမြို့ ပုံဝိုးကျေးရွာ တစ်ရွာထဲတွင် ကိုဗစ်ကူးစက်ခံခဲ့ရသူ (၁၆၈) ဦးထိ ရှိခဲ့ပြီး အခြားကျေးရွာများတွင်လည်း ကိုဗစ်ကူးစက်ခံရသူ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကိုဗစ်ကူးစက်ခံရသူများထဲမှ အောက်ဆီဂျင်ကျသည့် လူနာတချို့သာ နောင်ပိန်နှင့် မြို့ပေါ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရတာဖြစ်ပြီး ကျန်သည့် ကိုဗစ်လူနာများကို ကျေးရွာကျောင်းတိုက်တွင်သာ သီးသန့်ထားကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာဖြစ်ကြောင်း သိရသည်။

“မြို့ကို သယ်သွားရင် ကုန်ကျစရိတ်လည်းများတယ်၊ နေရာလည်းခက်တယ်လေ၊ စားသောက်ဖို့၊ သွားလာဖို့ကအစ အခက်အခဲရှိတယ်၊ အဲ့တော့ ဒီမှာပဲ ကျန်းမာရေးပိုင်းနဲ့ တိုင်ပင်ပြီး စောင့်ရှောက်ပေးနေတာ၊ ခု အောက်ဆီဂျင်ရှူရတဲ့ လူနာလည်း တစ်ယောက်ပဲရှိတယ်” ဟု ပုံဝိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပုံဝိုးကျေးရွာကျောင်းတိုက်တွင် ကိုဗစ်လူနာ (၁၀) ဦးကျော်သာ ကျန်ရှိပြီး ကူးစက်ခံရသူထဲမှ (၁၀၀) ကျော် သက်သာပြီဖြစ်ကြောင်း၊ အသက် (၇၅) နှစ်အရွယ် သက်ကြီးလူနာတစ်ဦး အောက်ဆီဂျင် ရှူနေရကြောင်း ကျန်းမာရေးဆရာမထံမှ သိရသည်။

ထိုကျေးရွာအတွင်း နေထိုင်ကြသူများအနေဖြင့် ပေါ့ပေါ့ဆဆ မနေသင့်ကြောင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ Mask တပ်ဆင်ခြင်းတို့ကို စနစ်တကျ ပြုလုပ်သင့်ကြောင်း၊ ထို့အပြင် နေမကောင်းပါက အမြန်ဆုံး ကိုဗစ်စစ်ဆေးမှုခံယူသင့်ကြောင်း အထက်ပါကျန်းမာရေး ဆရာမက တိုက်တွန်းထားသည်။

ကျောက်မဲမြို့နယ်တွင် အောက်တိုဘာလ (၁၀) ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ (၁၅၆၈) ဦးထိ ရှိခဲ့ပြီး သေဆုံးသူ (၈၅) ဦးထိ ရှိနေကြောင်း သိရသည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...