မြန်မာတွင် ၈ လအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူများ၏ ၆၇ ရာခိုင်နှုန်းမှာ ရခိုင်နှင့် ရှမ်းပြည်နယ်မှဖြစ်

မြန်မာတွင် ၈ လအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူများ၏ ၆၇ ရာခိုင်နှုန်းမှာ ရခိုင်နှင့် ရှမ်းပြည်နယ်မှဖြစ်

မြန်မာနိုင်ငံတွင် ၈ လတာအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့် မိုင်းဒဏ်သင့်သေဆုံးဒဏ်ရာရရှိသူစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှဖြစ်ကြောင်း United Nations OCHA Myanmar က ထုတ်ပြန်သည်။

ဇန်နဝါရီလမှ သြဂုတ်လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် စုစုပေါင်း ၉၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၃ ဦးနှင့် ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀၂ ဦးအထိရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်မှ သေဆုံး ၁၂ ဦးနှင့် ဒဏ်ရာရရှိသူ ၃၅ ဦးရှိပြီး ရှမ်းပြည်နယ်မှ သေဆုံးသူ ၂၄ ဦးနှင့် ဒဏ်ရာရရှိသူ ၃၄ ဦးရှိခဲ့ကြောင်းဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ မိမိနေရပ်သို့ ပြန်လိုသော်လည်း မိုင်းအန္တရာယ်ကိုကြောက်၍ နေရပ်မပြန်နိုင်ကြသေးကြောင်း ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်ကျေးရွာမှ စစ်တွေမြို့တွင် စစ်ဘေးခိုလှုံနေသည့် ဒေါ်ဦးနွယ်လင်းက DMG သို့ ပြောသည်။

“ကျွန်မတို့က အိမ်ကိုပြန်ချင်တယ်။ ဒါပေမဲ့ ရွာတွေမှာ ထောင်ထားတဲ့ မိုင်းတွေရှိနေတဲ့အတွက် မပြန်ရဲကြဘူး။ ကျွန်မတို့က မိုင်းတွေကိုရှင်းပေးစေချင်တယ်။ ဒါမှပဲအိမ်ပြန်နိုင်မယ်” ဟု ၎င်းကဆိုသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့မှ ကျေးရွာပေါင်း ၁၇၂ ရွာနှင့် စစ်ဘေးရှောင်စခန်း ၇၈ ခုမှ လူဦးရေ ၆၀၂ ဦးကို USAID ၏ ပံ့ပိုးရန်ပုံငွေဖြင့် မိုင်းအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် မိုင်းအန္တရာယ်အသိပညာပေးခြင်းကို ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြုလုပ်ပေးနေသည်ဟု REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက DMG သို့ပြောဆိုသည်။

“အခုကတော့ Donor တွေ၊ NGO အဖွဲ့တွေရဲ့ ရန်ပုံငွေတွေနဲ့ပေါင်းပြီးတော့ လုပ်တာမဟုတ်ဘူး။ ကျနော်တို့ (REC) အနေနဲ့ တတ်နိုင်သလောက် မိုင်းအန္တရာယ်အသိပေးမှုတွေလုပ်တာ။ တခြားမြို့နယ်တွေမှာ စာသင်ကျောင်းတွေနဲ့တော့ မိုင်းအန္တရာယ်အသိပေးဖို့အတွက် ညှိနှိုင်းနေတာတွေရှိတယ်။ ကျောင်းတွေနဲ့ညှိနှိုင်းလို့ အဆင်ပြေရင်တော့ ဆက်လက်ပြီးဆောင်ရွက်သွားဖို့ရှိတယ်” ဟု ဆိုသည်။

REC မှ ကောက်ယူထားသည့်စစ်တမ်းများအရ ရခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ဒဏ်ရာရသူ ၇၉ ဦးရှိကြောင်း သိရသည်။

ယင်းအထဲတွင် ကလေးသူငယ် အများဆုံးပါဝင်ကြောင်းလည်း သိရသည်။

 
 

 

 

APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...