စစ်ကောင်စီ ဖမ်းဆီးသွားသည့် တောင်ကြီးဆေးကျောင်းသူ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံရ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် တောင်ကြီးဆေးကျောင်းသူ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံရ

သျှမ်းပြည် တောင်ကြီးမြို့ ဆေးတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူ မကြယ်စင်လင်းလက်ကို စစ်ကောင်စီတို့က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့သို့ ကျောင်းလာတက်ပြီး စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်–၁၉ ရောဂါအခြေအနေကြောင့် နေအိမ်သို့ပြန်နေသည့် တောင်ကြီးမြို့ ဆေးတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူ မကြယ်စင်လင်းလက်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင် ချောက်မြို့ရှိ သူမ၏နေအိမ်၌ စစ်ကောင်စီတို့၏ အင်အားသုံးပြီး မတရားဖမ်းဆီးမှုကို ခံခဲ့ရကြောင်း သိရသည်။

“သူက (မကြယ်စင်လင်းလက်) ကတောင်ကြီးမှာ ဆေးကျောင်းလာတက်တယ်၊ ပထမနှစ် (Foundation year) ကျောင်းသူပါ၊ နွေဦးတော်လှန်ရေးတုန်းက ဆန္ဒထွက်ပြတာပဲရှိတာပါ၊ နောက်တော့ သူ့မြို့ကိုသူပြန်သွားတယ်၊ ကျမတို့လည်း အဆက်အသွယ်ပြတ်သွားတာ၊ အခုတော့ သူ့ကိုဖမ်းဆီးသွားပြီးမှ ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲထားတယ်လို့ ကြားတယ်” ဟု မကြယ်စင်လင်းလက်နှင့် ခင်မင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့မှ မကြယ်စင်လင်းလက်ကို တရားစွဲဆိုခံထားသည့် အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့်အဖွဲ့ကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာလုပ်ငန်းများ လုပ်ပါက တရားစွဲဆိုခံရသည့် ပုဒ်မဖြစ်ပြီး ပြစ်မှု ထင်ရှားသည်ဟု တရားရုံးဆုံးဖြတ်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တသက်နှင့် ငွေဒဏ်ကျခံရမည့် ပုဒ်မဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတို့ အောက်တိုဘာလ ၃ ရက်နေ့ကတည်းက ဖမ်းဆီးထားသည့် မကြယ်စင်လင်းလက်သည် မိသားစုနှင့် အဆက်အသွယ်မရရှိကြောင်း တောင်ကြီးဆေးတက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်ကောင်စီကလည်း ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

မကြယ်စင်လင်းလတ် မတရားဖမ်းဆီးခံရမှုအပေါ် စစ်ကောင်စီကို အမြစ်ပြတ်သည်အထိ ပိုမိုကြိုးစားတွန်းလှန် တိုက်ပွဲဝင်နိုင်ရန်အတွက် ပြည်သူတစ်ရပ်လုံးကို တိုက်တွန်းနိုးဆော်လိုကြောင်းလည်း တောင်ကြီးဆေးတက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရပ်ကွက်နှင့် မြို့ရွာများအတွင်း သောင်းကျန်းနေသော လူဆိုးသူခိုးဓါးပြများကို နှိမ်နှင်းခြင်း မရှိသော်လည်း လူငယ်တော်တော်များကို နွေဦးတော်လှန်ရေးနှင့် အာဏာရှင်ဖြုတ်ချရေးလှုပ်ရှားမှုများတွင် ပါဝင်သည်ဟူသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတို့က အင်အားသုံး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...