မိုင်းကိုင် မြေမြုပ်မိုင်းနင်းမိပြီးနောက် စစ်ရှောင်များ စိုးရိမ်နေ

မိုင်းကိုင် မြေမြုပ်မိုင်းနင်းမိပြီးနောက် စစ်ရှောင်များ စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ အရပ်သား သွားလာသည့်နေရာထိ မြေမြုပ်မိုင်းများ လာရောက်ထောင်ထားသည့်အတွက် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပါက မိုင်းအခြေအနေကို စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ (၅) ရက်နေ့က ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာရှိ လိမ္မော်ခြံအတွင်း အမျိုးသား (၂) ဦးမြေမြုပ်မိုင်းနင်းမိသည့်အတွက် စစ်ရှောင်များသည် နေရပ်သို့ပြန်လျှင် မိုင်းအန္တရာယ်ကို စိုးရိမ်နေကြကြောင်း စစ်ရှောင်များက ဆိုသည်။

“ကျမတို့ မပြန်ရဲသေးဘူး။ မြေမြုပ်လည်း ကြောက်ရတယ်။ လက်နက်ကြီးကျမှာလည်း ကြောက်နေရတယ်” ဟု ဟမ်းငိုင်းကျေးရွာက အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများ ခြံအတွင်း မြေမြုပ်မိုင်းနင်းမိခြင်းသည် ယခုမှ ရှိခဲ့ဖူးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“စစ်ရှောင်တွေ ပြန်သွားရင်လည်း သူတို့ခြံတွေ တောင်ယာတွေသွားချိန်မှာ မြေမြုပ်မိုင်းတွေ နင်းမိမှာ စိုးရိမ်နေတယ်။ မြေမြုပ်မိုင်းနဲ့ ပတ်သက်ပြီး အသိပညာပေးတွေရှိဖို့ လိုအပ်နေတယ်” ဟု ဟမ်းငိုင်း စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲများတင်းမာနေပြီး စစ်ရှောင်များလည်း နေ့စဉ်နှင့်အမျှ နေရပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် မြေမြုပ်မိုင်းကို စတင်အသုံးပြုလာကြပြီး၊ တိုက်ပွဲပြီးသွားပါက မိမိတပ်ဖွဲ့ထောင်ထားသည့် မိုင်းကို ရှင်းလင်းသွားခြင်းမရှိသည့်အတွက် ပြည်သူများသာ ခံနေရကြောင်း လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

မြေမြုပ်မိုင်းအသုံးပြုမှုကို နိုင်ငံတကာ ပိတ်ပင်တားဆီးထားသော်လည်း မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်း အများဆုံးအသုံးပြုသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်တွင်း ဖြစ်ပွားသော တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြောင့် စစ်ရှောင်များ ပန်ကေတုကျေးရွာအုပ်စု၊ ဟမ်းငိုင်းကျေးရွာအုပ်စု၊ ဝိန်းငင်းဘုန်းကြီးကျောင်း စသည့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...