ကျိုင်းတုံမြို့နယ် ကျေးရွာ ကိုဗစ်မြင့်တက်နေ စပါးရိတ်သိမ်းရန် စိုးရိမ်နေ

ကျိုင်းတုံမြို့နယ် ကျေးရွာ ကိုဗစ်မြင့်တက်နေ စပါးရိတ်သိမ်းရန် စိုးရိမ်နေ

သျှမ်းရှေ့ ကျိုင်းတုံမြို့နယ် ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေသည့်အတွက် စပါးရိတ်သိမ်းရန် အခက်ခဲကြုံဖြစ်မည်ကို ဒေသခံ လယ်ယာစိုက်တောင်သူတွေ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာများထံ Pilot Project ဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှုကို ပြုလုပ်နေသဖြင့် ပိုးတွေ့ရှိသူ ပိုများလာကာ စပါးရိတ်သိမ်းချိန်အတွက် အလုပ်သမားခက်ခဲမည်ကို စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဒီမှာက ဝါကျွတ်ဆိုရင် စပါးရိတ်သိမ်းကြတယ်၊ ရွာတွေမှာ ကိုဗစ်က အရမ်းမြင့်နေတော့ ရိတ်သိမ်းဖို့ လူခေါ်ရခက်မှာကို စိုးရိမ်တာ၊ ရိတ်သိမ်းချိန် နောက်ကျရင်လည်း အရှုံးပေါ်မှာ၊ လူခေါ်လို့ရရင်လည်း အရင်စျေးထက် ပိုပေးရတော့မှာ” ဟု ကျိုင်းတုံဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရိတ်သိမ်းသည့်ရာသီဖြစ်သော်လည်း အလုပ်သမားနည်းပါးသည့်အတွက် မိသားစုဝင်များဖြင့်သာ ရိတ်သိမ်းနေရသူများပင်ရှိနေကြောင်း သိရသည်။

ကျိုင်းတုံမြို့ပေါ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ လျော့ကျသွားသော်လည်း ကျေးလက်ဒေသများတွင် ရွာတိုင်းနီးပါး ပိုးတွေ့ရှိနေသဖြင့် ဒေသခံလယ်ယာစိုက်ပျိုးသူများ အခက်ကြုံနေတာဖြစ်ကြောင်း သိရသည်။

“အရင်ကဆို လူအင်အားများတော့ ရိတ်တာရော၊ ပုံတာရော (၄/၅) ရက်လောက်လုပ်ရင် အားလုံးပြီးတယ်၊ ခုက ရွာတိုင်းနီးပါးကို ပိုးတွေ့နေတာ၊ တွေ့ရင်လည်းများတယ်၊ တစ်ရွာလုံးနီးပါးကိုတွေ့တာဆိုတော့ အခက်ကြုံနေတာပေါ့၊ ရောဂါဖြစ်နေရင် ဘယ်သူမှ မခေါ်ရဲတော့ဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ကျိုင်းတုံတွင် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကျေးရွာများတွင် ကူးစက်မှု ပိုမိုမြင့်တက်လာခဲ့တာဖြစ်ကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ (၄) ရက်နေ့တွင် ကျေးရွာများအတွင်း ကိုဗစ်တွေ့ရှိမှု စံချိန်တင်ခဲ့ပြီး ထိုနေ့က (၁၅၅) ဦးထံမှ ကိုဗစ်ပိုး တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

Stay at home သတ်မှတ်ခံထားရသည့် ကျိုင်းတုံမြို့တွင် အောက်တိုဘာ (၇) ရက် ယမန်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူ (၄၃၀၀) ကျော်၊ သေဆုံးသူ (၇၉) ဦးနှင့် ကုသဆဲ (၇၀၀) ကျော်ရှိနေကြောင်း သိရှိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...