ဆရာဝန်မရှိဘဲ ၂ နှစ်ခန့်ကြာပြီဖြစ်သည့် တောင်ကုတ်မြို့နယ် ငမောက်ချောင်းတိုက်နယ်ဆေးရုံသို့ ဆရာဝန်ရောက်ရှိလာ၍ ဒေသခံများ သောင်းသောင်းဖြဖြကြိုဆို

ဆရာဝန်မရှိဘဲ ၂ နှစ်ခန့်ကြာပြီဖြစ်သည့် တောင်ကုတ်မြို့နယ် ငမောက်ချောင်းတိုက်နယ်ဆေးရုံသို့ ဆရာဝန်ရောက်ရှိလာ၍ ဒေသခံများ သောင်းသောင်းဖြဖြကြိုဆို

ဆရာဝန်မရှိဘဲ ၂ နှစ်ခန့်ကြာပြီဖြစ်သည့် တောင်ကုတ်မြို့နယ်မှ ငမောက်ချောင်းတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် ယနေ့ တွဲဘက်ဆရာဝန်တစ်ဦး ရောက်ရှိလာပြီဖြစ်၍ ဒေသခံများ ရာနှင့်ချီ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သိရသည်။

ယခုရောက်ရှိလာသည့် တွဲဘက်ဆရာဝန်မှာ ပေါက်တောမြို့ဇာတိဖြစ်သည့် ဒေါက်တာဇေယျာထွန်းဖြစ်ပြီး ယနေ့ အောက်တိုဘာ ၅ ရက် နံနက် ၁ဝ နာရီခန့်က ငမောက်ချောင်းတိုက်နယ်ဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆရာဝန်ရောက်ရှိလာပြီဖြစ်၍ ငမောက်ချောင်းတစ်ကျွန်းလုံး ပျော်ရွှင်နေကြသည်ဟုလည်း သွားရောက်ကြိုဆိုခဲ့ကြသည့် ဒေသခံများက နိရဥ္စရာအား ပြောသည်။

အမော်ကျေးရွာမှ ဒေါ်ခင်မြင့်သိန်းက “အရင်တုုန်းက သူနာပြုအပြာဝတ်နှစ်ယောက်နဲ့ပြရတယ်။ ဆရာဝန်မရှိဘဲ တစ်နှစ်ကျော်နေခဲ့ရတယ်။

အသည်းအသန်လူနာတွေကို နှစ်နာရီကြာသွားရတဲ့ တောင်ကုတ်ဆေးရုံကို ပို့ပြီးကုသခဲ့ရတယ်။ အခုလိုဆရာဝန်က ကျွန်မတို့ဆီလာပေးတဲ့အတွက် ဝမ်းသာပါတယ်။ တစ်ကျွန်းလုံးပျော်နေကြတယ်။ ထွက်လည်းကြိုနေကြပါတယ်” ဟု ပြောသည်။

ငမောက်ချောင်းတိုက်နယ်ဆေးရုံသည် ပန်းတင်ကျွန်းမှ ကျေးရွာ ၁၂ ရာက အားထားနေရသည့် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံဖြစ်ပြီး တောင်ကုတ်မြို့နှင့် ရေမိုင် ၁၃ မိုင်ခန့်ဝေးကွာကြောင်း သိရသည်။

အဆိုပါဆေးရုံတွင် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့်ဆရာဝန်သည် လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မေလခန့်မှစတင်ကာ သင်တန်းတက်မည်ဟုဆိုကာ ပြောင်းရွှေ့သွားသည့်အတွက် ဆရာဝန်မရှိဘဲ အထက်တန်းသူနာပြုနှစ်ဦးဖြင့် ဆေးရုံလည်ပတ်နေခဲ့ရကြောင်း သိရသည်။

ငမောက်ချောင်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးဟန်ရွှေက “ဆရာဝန်က စစ်တွေကပြောင်းလာတာလို့သိရတယ်။ မြို့နယ်ဆရာဝန်ကြီးကိုယ်တိုင် လာပို့တာပါ။ လူနှစ်ရာလောက်လာကြိုကြတယ်" ဟု ပြောသည်။

ငမောက်ချောင်းတိုက်နယ်ဆေးရုံသို့ပြောင်းရွှေ့လာသည့် အဆိုပါ တွဲဖက်တိုက်နယ်ဆရာဝန် ဒေါက်တာဇေယျာထွန်းကလည်း ဒေသခံများက လိုလိုလားလားကြိုဆိုကြသဖြင့် ဝမ်းသာမိကြောင်း ပြောသည်။

“ကျွန်တော်ကတော့ တိုက်နယ်ဆေးရုံတစ်ခုပြန်ပြီးအသက်ဝင်လာမယ်ဆိုရင် ဝမ်းသာမိမှာပါ။ ဆေးရုံတစ်ခုမှာ ဆရာဝန်တစ်ခုတည်းရှိလို့လည်းမရပါဘူး။ ဆေးရုံသုံး ပစ္စည်းလည်းတွေလည်း ပြည့်စုံဖို့လိုပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒီမှာရှိတဲ့အချိန်ကာလတစ်ခုအတွင်းမှာ ကိုယ်တတ်နိုင်သလောက် လုပ်ပေးခဲ့ချင်ပါတယ်” ဟု ပြောသည်။

အဆိုပါတိုက်နယ်ဆေးရုံဆေးရုံကို ၂ဝ၁၉ ခုနှစ်၊ မေလ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာဝန်နှင့် သူနာပြု ၉ ဦးခန့်တာဝန်ထမ်းဆောင်ခဲ့ကြသည်ဟု သိရသည်။

ကိုဗစ်ဒုတိယလှိုင်းကာလအတွင်း အခြားဆေးရုံများသို့ အသီးသီးပြောင်းလဲတာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့သွားခဲ့ကြသည်ဟုလည်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...