စက်သုံးဆီစျေးတက်၍ ဘူးသီးတောင်မြို့တွင် သုံးဘီးအငှားယာဉ်စီးခများ တိုးမြှင့်ကောက်ခံနေရ

စက်သုံးဆီစျေးတက်၍ ဘူးသီးတောင်မြို့တွင် သုံးဘီးအငှားယာဉ်စီးခများ တိုးမြှင့်ကောက်ခံနေရ
ဘူးသီးတောင်မြို့တွင်ပြေးဆွဲနေသည့် အိန္ဒိယသုံးဘီးဆိုင်ကယ်အချို့အားတွေ့ရစဉ်။
ဘူးသီးတောင်မြို့တွင်ပြေးဆွဲနေသည့် အိန္ဒိယသုံးဘီးဆိုင်ကယ်အချို့အားတွေ့ရစဉ်။

စက်သုံးဆီစျေးနှုန်းများ အဆမတန်ထိုးတက်လာမှုကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်တွင်ပြေးဆွဲနေသော အိန္ဒိယသုံးဘီးအငှားယာဉ်စီးခများ တိုးမြှင့်ကောက်ခံနေကြောင်း သတင်းရရှိသည်။

ယခင်က ဘူးသီးတောင်မြို့ရှိသုံးဘီးအငှားယာဉ်စီးခနှုန်းထားမှာ မြို့တွင်းခရီးတစ်ကြောင်းလျှင် ၅၀၀ ကျပ်ရှိခဲ့ရာမှ ယခုအပတ်မှစတင်ကာ ၁ ထောင်ကျပ်အထိ တိုးမြှင့်ကောက်ခံနေရကြောင်း သုံးဘီးအငှားယာဉ်မောင်းသူ ကိုဦးသိန်းဟန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"သုံးဘီးသမားတွေအချင်းချင်းညှိပြီးတော့တောင်းကြတာ။ ဆီစျေးတက်တော့ စျေးတင်တောင်းရတာပေါ့။  ဆီတစ်လီတာကို ၂၃၀၀ ကနေ ၂၅၀၀ ထိပေးဝယ်နေရတော့ စျေးတင်မတောင်းရင် ကိုယ့်အတွက် နေ့တွက်မှမကိုက်တော့တာ" ဟု ပြောသည်။

ယခုကဲ့သို့ စျေးတိုးမြှင့်ကောက်ခံနေ၍ အချို့သည် သုံးဘီးမစီးကြတော့ဘဲ ခြေလျင်လျှောက်လာကြမှုများလည်းရှိနေသည်ဟု သိရသည်။

သုံးဘီးအငှားယာဉ်ဖြင့် မနက်တိုင်း စျေးဝယ်ထွက်လေ့ရှိသူ ဒေါ်နှင်းသူဇံက "သုံးဘီးခစျေးတက်တာသိလို့ မေးပြီးမှစီးတော့တယ်။ ၅၀၀ နဲ့ရရင်တော့စီးတယ်၊ ၁ ထောင်ဆိုရင်တော့ မစီးတော့ဘူး။ ခြေလျင်လျှောက်ပြီးတော့ပဲ သွားတော့တယ်။ တစ်ခါတစ်လေ အိမ်ကစက်ဘီးလေးနဲ့စျေးသွားတာလည်းရှိတယ်" ဟု ပြောသည်။

ဘူးသီးတောင်မြို့တွင် ယခင်က အောက်တိန်း (92) တစ်လီတာကို ၁၂၀၀ ကျပ်ရှိခဲ့သော်လည်း ယခုအခါ အောက်တိန်း (92) တစ်လီတာကို ၂၂၀၀ ကျပ်၊ အောက်တိန်း (95) တစ်လီတာကို ယခင်က ၁၃ဝဝ ကျပ်မှ ယခု ၂၄၀၀ ကျပ်၊ ယိုးဒယားဓာတ်ဆီ တစ်လီတာကို ယခင်က ၁၂ဝဝ ကျပ်မှ ယခု ၂၁၀၀ ကျပ် အသီးသီးရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့ထဲတွင် ပန်းရံ၊ ဆေးသုတ် နေ့စားအလုပ်လုပ်နေသူ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှ ကိုမောင်ယောင်းက "အရင်ကဆို မြို့ထဲကိုအလုပ်သွားရင် သုံးဘီးနဲ့သွားတယ်။ အခုသုံးဘီးခ စျေးတက်တော့မစီးတော့ဘူး။ အလုပ်သွားအလုပ်ပြန်၊ ထမင်းစားပြန်ဝင်ဆိုရင် စုစုပေါင်း ၄ ခေါက်၊ သုံးဘီးစီးမယ်ဆို ၄ ထောင်ကုန်မယ်။ မစီးနိုင်တော့ဘူး။ အလုပ်ကို ခြေလျင်လျှောက်ပြီးသွားတယ် အခု" ဟု ပြောသည်။

ယခင်က ဘူးသီးတောင်မှမောင်တောသို့ သုံးဘီးဖြင့် အသွားတစ်ကြောင်းလျှင် ၃ ထောင်ကျပ်ရှိခဲ့ရာမှ ယခုအခါ ၅ ထောင်ကျပ်အထိ တိုးမြှင့်ကောက်ခံနေကြောင်းလည်း သိရသည်။

 
 

 

 

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...