ပေါက်တောမြို့နယ်မှ မူလတန်းပြကျောင်းဆရာတစ်ဦး KG ကျောင်းသူကို အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြင့် ထောင် ၁ဝ နှစ် ချမှတ်ခံရ

ပေါက်တောမြို့နယ်မှ မူလတန်းပြကျောင်းဆရာတစ်ဦး KG ကျောင်းသူကို အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြင့် ထောင် ၁ဝ နှစ် ချမှတ်ခံရ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ စိုင်းတုတ်ကျေးရွာမှ မူလတန်းပြကျောင်းဆရာတစ်ဦးသည် (၇) နှစ်အရွယ် KG တန်းကျောင်းသူအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြင့် ယနေ့တွင် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ထောင်ချခံလိုက်ရသည့် ကျောင်းဆရာမှာ စိုင်းတုတ်ကျေးရွာမှ ကိုနိုင်ဦး (၂၂ နှစ်) ဖြစ်ပြီး သူ့ကို ယနေ့ အောက်တိုဘာ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ထောင်ချခံရမှုအပေါ် ကျေနပ်မှုမရှိဟုလည်း ထောင်ချခံရသူ၏ဖခင် ဦးထွန်းလှက နိရဥ္စရာကိုပြောသည်။

“ဘာကြောင့်ကျေနပ်ရမှာပါလဲ။ ကျွန်တော်တို့ ဖြစ်သလိုတရားရင်ဆိုင်ဦးမယ်။ အခု တရားသူကြီးကတော့ ချပါတယ်။ ဆရာ၊ ဆရာမတွေထွက်ဆိုချက်၊ အမြင်ထွက်ဆိုချက်တွေလည်းရှိတယ်။ ကျောင်းအတူတူလွတ်တဲ့ကလေးတွေရဲ့ ထွက်ဆိုချက်လည်းရှိတယ်။ ဆေးစာမှာလည်း negative ပါ။ စစ်ဆေးတာမှာလည်း ပွန်းပဲ့ဒဏ်ရာလည်းမရှိဘူး။ လတ်တလောစစ်ခဲ့တဲ့ဆရာဝန်မှာလည်း ဘာသက်သေမှမရှိဘူး” ဟု ပြောသည်။

ပေါက်တောမြို့ရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးငြိမ်းချမ်းကလည်း ယနေ့တွင် အမိန့်ချမှတ်လိုက်မှုမှာ ဟုတ်မှန်သည်ဟု အတည်ပြုသည်။

အဓမ္မကျူးလွန်ခံခဲ့ရသည့် KG ကျောင်းသူမှာ စိုင်းတုတ်ကျေးရွာ မူလွန်တန်းကျောင်းတွင် တက်ရောက်နေသူဖြစ်ပြီး လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ကျောင်းဆင်းပြီးနောက် အချိန်ပိုကျူရှင်တက်ရောက်နေရာမှ အဓမ္မပြုကျင့်ရန် ကြံစည်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ကလေး၏ဖခင်က “ကျွန်တော်တို့ကတော့ တရားသဖြင့် ကျသင့်သလောက်ကျသွားတာကို ကျေနပ်မှုရှိပါတယ်။ ကျွန်တော်ကတော့ နောင်လာနောင်သား၊ သားသမီးတွေ အဲလိုထပ်မဖြစ်ရအောင် ဒီအမှုကို ဆက်လိုက်ခဲ့တာပါ။ နောင်အနာဂတ်မှာ ဒီလိုကလေးတွေ ဒီလိုထပ်မဖြစ်အောင် ဒီအမှုပပျောက်သွားရင် နောင်သားသမီးတွေအတွက် အခက်အခဲကြုံရပါမယ်။ ကလေးကတော့ ဘာနားလည်မလဲဗျာ။ ကလေးပဲရှိသေးတာကို” ဟု နိရဥ္စရာကိုပြောသည်။

စိုင်းတုတ်ကျေးရွာသည် အိမ်ခြေ ၂၃ဝ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...