ခိုးမှု၊ လုယက်မှုများကို တိုင်ကြားလာပါက တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု အေအေပြော

ခိုးမှု၊ လုယက်မှုများကို တိုင်ကြားလာပါက တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဟု အေအေပြော

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ခိုးမှု၊ လုယက်မှုများနှင့် ဓားပြတိုက်မှုများကို တိုင်ကြားလာပါက အတတ်နိုင်ဆုံး တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (ULA/AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ ပြောသည်။

လက်ရှိတွင် ယင်းအမှုများနှင့်ပတ်သက်ပြီး တိုင်ကြားမှုမရှိသေးသော်လည်း တိုင်ကြားလာပါက ထိုသို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီခိုးမှု၊ လုယက်မှုတွေနဲ့ပတ်သက်ပြီးတော့ နစ်နာတဲ့ပြည်သူတွေဖက်က ကျွန်တော်တို့ (ULA/AA) ကို တိုင်ကြားလာတာတွေတော့ မရှိသေးဘူး။ နစ်နာတဲ့ပြည်သူတွေဖက်က တိုင်ကြားလာတယ်ဆိုရင်တော့ ကျွန်တော်တို့ (ULA/AA) ဖက်က တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ တရားမျှတမှုရရှိအောင် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ရာဇဝတ်မှုများဖြစ်ပွားနေခြင်းမှာ တရားဥပဒေစိုးမိုးမှုအားနည်းချက်နှင့် အပြောင်းအလဲကာလအတွင်း ရခိုင်ပြည်နယ်တွင် အစိုးရနှစ်ရပ် အုပ်ချုပ်မှုအောက်တွင်် ရှိနေခြင်းကြောင့်ဖြစ်သည်ဟု စစ်တွေမြို့အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကသုံးသပ်သည်။

“ကျနော်တို့ရခိုင်ပြည်နယ်ရဲ့ စစ်တွေမြို့အခြေအနေကလည်း နှစ်ဖက်အုပ်ချုပ်မှုအောက်မှာ ရှိသလိုဖြစ်နေတယ်။ ဥပမာ-အစိုးရဘက်က အုပ်ချုပ်သလို တစ်ဖက်မှာလည်း ရခိုင်တပ်တော်ကလည်း ကိုဗစ်ကာလတွေမှာ စစ်တွေမြို့မှာ စည်းကမ်းတွေသတ်မှတ်မှုတွေအပေါ်မှာ လွှမ်းမိုးမှုရှိတာပေ့ါ။ အဲတော့ ဒီလိုဖြစ်စဉ်တွေက အစိုးရနှစ်ရပ်လိုကြားထဲမှာ အခွင့်ကောင်းယူပြီး ခိုးကြတာပေါ့” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာလအကျပ်တည်းများကြား၌ ခိုးမှု၊ လုယက်မှုများမှာ ယခင်ထက် ပိုမိုများပြားလာနေသည်။ စစ်တွေမြို့တွင်လည်း ခိုးမှုကျူးလွန်သူများကိုဖမ်းဆီးရရှိသည့်သတင်းများ လူမှုကွန်ယက်စာမျက်နှာတွင် အများအပြားတွေ့မြင်လာရသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော မတရားခံရမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြသာနာ စသည့်အမှုအခင်းများအပြင် တရားဥပဒေအဆုံးအဖြတ်ခံရယူမည့် အမှုအခင်းများကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) သို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကျူးလွန်ခံရသူဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးဖြစ်စေ၊ မျက်မြင်သက်သေတစ်ဦးဦးမှဖြစ်စေတိုင်ကြားနိုင်ပြီး တိုင်ကြားသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပါတ်များကိုပါ ဖော်ပြရမည်ဖြစ်ပြီး မှုခင်းဖြစ်ပွားသည့် နေရာ၊ အချိန်၊ နေ့ရက်နှင့် မှုခင်းဖြစ်ပွားပုံများကို ပြည့်စုံစွာဖော်ပြရမည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ထားသည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...