အခြေခံစားသာက်ကုန် အဆမတန်ဈေးမြင့်တက် ပြည်သူများ ပိုကြပ်တည်းနေ

အခြေခံစားသာက်ကုန် အဆမတန်ဈေးမြင့်တက် ပြည်သူများ ပိုကြပ်တည်းနေ

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး (၈) လကြာမြင့်ပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်များ၊ ကုန်ပစ္စည်းများ ဈေးနှုန်းများ အဆမတန်မြင့်တက်လာသည့်အတွက် ပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တွင် လက်ရှိမှာ အခြေခံစားသောက်ကုန်များကို ခက်ခဲစွာ ဝယ်ယူနေရသည့်အပြင် ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေမှုကြောင့် ပြည်သူများချွေတာသုံးစွဲနေရကြောင်း သျှမ်းတောင် ပင်လုံမြို့နေ အသက် ၂၀ ကျော် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အကုန်တက်တယ်။ ဆီဆိုလည်း အရင်က တဗူးကြီးကို ၂၅၀၀ ပေးဝယ်ရတာ။ အခုက ၃၅၀၀ ရှိတယ်။ အခြေခံစားသောက်ကုန်တွေ အကုန်တက်တယ်။ အခုက အိမ်မှာရှိတာကိုဘဲ ချွေးတာပြီးစားသောက်နေရတာ“ ဟု ပင်လုံမြို့ ဒေသခံတဦးက ပြောသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ကုန်ပစ္စည်းများ၊ အခြေခံစားသောက်ကုန်များအားလုံးသည် ၃ ဆအထိ ဈေးနှုန်းမြင့်တက်လာသဖြင့် ကုန်စုံရောင်းသည့်သူများသည် ကုန်ပစ္စည်းများကို တင်သွင်းမှုမရှိတော့ကြောင်း လင်းခေးမြို့ ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက ဈေးကတော့ အကုန်ကြီးနေတော့တာပဲ။ ဘာမှ ဈေးပေါတာ မရှိဘူး။ ၃ ဆလောက်တက်သွားတယ်။ စက်သုံးဆီတောင်း အပြေးအလွှား ဝယ်နေကြရတယ်။ ကျမဆိုလည်း အခုဆို ကုန်ပစ္စည်းတွေတောင် အများကြီးမတင်တော့ဘူး” ဟု လင်းခေးမြို့ ဒေသခံတဦးက ပြောသည်။

သွင်းကုန်များကို ပြည်ပနိုင်ငံဖြစ်သည့် ထိုင်းနှင့် တရုတ်နိုင်ငံထုတ်ပစ္စည်းများကို အားကိုးနေရသည့် မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် မြန်မာငွေတန်ဖိုး ကျဆင်းလာသည့်အတွက် အစစအရာရာ ကုန်ပစ္စည်းများ ဈေးတက်လာသည်။

ကုန်ဈေးနှုန်းမြင့်လာသည့်အပြင် ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် ပြည်သူအများအပြားက အလုပ်အကိုင်မရှိသောကြောင့် စားဝတ်နေရေးအတွက် ခက်ခဲမှုရှိနေကြောင်း သိရသည်။

“အခုက ကိုဗစ်ကာလဖြစ်နေတယ်။ ပြီးတော့ အလုပ်အကိုင်မရှိဘူး။ ပုံမှန်အလုပ်တောင်မလုပ်ရတော့ဘူး။ ကုန်ပစ္စည်းတွေကပါ ဈေးတွေကကြီးနေတော့ ကျနော်တို့ စားဝတ်နေရေးက ပိုပြီးခက်ခဲလာတယ်။ ကလေးကိုတောင်း မုန့်ဖိုး နေ့စဉ်မပေးနိုင်တော့ဘူး” ဟု လဲချားမြို့ ကလေးဖခင်တဦးက သျှမ်းသံတေ်ာဆင့်ကို ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူမှုကြောင့် ကုန်ပစ္စည်း၊ အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီများ ဆက်လက် ဈေးနှုန်းမြင့်တက်နေလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရိပ်ရိပ်တက်လာသည့် ကုန်းဈေးနှုန်းများကြောင့် ပြည်သူများလည်း နေ့စဉ် စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြောင်း သိရသည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...