မိုင်းကိုင်တိုက်ပွဲ အရပ်သား (၄)ဦး လက်နက်ကြီး ထိမှန်

မိုင်းကိုင်တိုက်ပွဲ အရပ်သား (၄)ဦး လက်နက်ကြီး ထိမှန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံ ရွာသား (၄) ဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ (၄) ရက် ညနေ ၅ နာရီခန့်က ပန်ကေတုကျေးရွာအုပ်စု ကုန်းပေါင်းရွာမှ ဒေသခံ (၄) ဦး လက်နက်ကြီးထိမှန်ပြီး မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

“သူတို့နေတဲ့ရွာ (ကုန်းပေါင်း) မှာ လက်နက်ကြီးလာကျပြီး ဒေသခံ (၄) ဦး ထိသွားတယ်။ ကုန်းပေါင်းက ဒေသခံတွေ ခုထိ ထွက်ပြေးနေရတယ်” ဟု ပန်ကေတုမှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်နက်ကြီးထိမှန်သည့် (၄) ဦးမှာ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦးနှင့် ကလေး (၂) ဦးဖြစ်ကြောင်း သိရသည်။

“အမျိုးသားက ဝမ်းဗိုက်မှာထိပြီး အမျိုးသမီးတစ်ဦးက ခြေထောက်မှာ တစ်ယောက်ထိတယ်။ ကလေး (၂) ယောက်က လက်တွေမှာ ထိမိတယ်” ဟု ပန်ကေတုကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

ကုန်းပေါင်းကျေးရွာနှင့် ကုန်းလိုင်းကျေးရွာမှ ထွက်ပြေးလာသည့် ဒေသခံ ခန့်မှန်းခြေ (၈၀၀) နီးပါးရှိပြီး၊ ထိုစစ်ရှောင်မျာသည် ပန်ကေတုရှိ စစ်ရှောင်စခန်းများသို့ ထွက်ပြေးလာကြပြီး၊ စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“စစ်ရှောင်တွေက ဘုန်းကြီးကျောင်းထဲပြည့်သွားပြီ၊ အခု စစ်ရှောင်တွေ ခန့်မှန်းခြေ (၈၀၀) နီးပါးရှိတော့ နေဖို့အမိုးအကာတွေ အစားအသောက်တွေ အရေးပေါ်လိုနေတယ်” ဟု စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ကုန်းပေါင်းကျေးရွာအတွင်းသို့ လက်နက်ကြီး (၂) လုံးကျကြောင်း သိရသည်။

အောက်တိုဘာ (၃) ရက်နေ့ထိ ပန်ကေတုကျေးရွာတွင်ရှိသည့် စစ်ရှောင်များစာရင်း (၂၂၃၃) ဦးရှိပြီး လက်ရှိ ကုန်းပေါင်းကျေးရွာနှင့် ကုန်းလိုင်းကျေးရွာမှ ဒေသခံများသည် ပန်ကေတုစစ်ရှောင်စခန်းသို့ ထွက်ပြေးလာကြကြောင်း သိရှိရသည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...