မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် တောင်ကုတ် မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကျန်းမာရေးထိခိုက်နေ

မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် တောင်ကုတ် မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကျန်းမာရေးထိခိုက်နေ

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်သည် လက်ရှိတွင် ကျန်းမာရေးထိခိုက်နေသည်ဟု သတင်းရရှိသည်။

တောင်ကုတ်ရဲစခန်းအချုပ်ထဲတွင် တရားစွဲချုပ်နှောင်ခံထားရသည့် ဦးအောင်ဝင်းနိုင် (၄၁ နှစ်) သည် လက်ရှိတွင် ရင်ဘတ်များအောင့်ကာ နေမကောင်းဖြစ်နေသည်ဟု ဇနီးဖြစ်သူ ဒေါ်တွယ်တာစိုးက နိရဥ္စရာကိုပြောသည်။

“သူက အထဲမှာနေမကောင်းလည်း ဖြစ်နေတယ်။ ရင်ဘတ်တွေဘာတွေ အောင့်တယ်လို့ပြောတယ်။ အရင်ကလည်း အဆုတ်နဲ့ပတ်သက်ပြီး နေမကောင်းတာတွေရှိဖူးတယ်။” ဟု ပြောသည်။

အမှုကို မြန်မြန်ဆန်ဆန်စစ်ဆေးပြီး အမြန်ဆုံးလွှတ်ပေးစေချင်သည်ဟုလည်း ဆက်ပြောသည်။

ဦးအောင်ဝင်းနိုင်ကို လာမည့် အောက်တိုဘာလ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထားပြီး ယင်းနေ့တွင် တရားလိုကို စတင်စစ်ဆေးသွားမည်ဟုလည်း အမှုလိုက်ရှေ့နေ ဦးအောင်ကြည်နိုင်က နိရဥ္စရာသို့ပြောသည်။

“တရားလိုဘက်က မတရားအသင်းနဲ့ စွပ်စွဲတာကို ကျနော်တို့က မဟုတ်ကြောင်းငြင်းဆန်သွားရမှာပေါ့။ အမှုက အခုမှစစ်ဆေးဖို့အဆင့်မှာပဲ ရှိသေးတယ်။” ဟု ပြောသည်။

ဦးအောင်ဝင်းနိုင်၏အမှုကို သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကိုဗစ်အခြေအနေကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ လာမည့်အောက်တိုဘာလ ၆ ရက်နေ့တွင် တရားလိုကိုစတင်စစ်ဆေးရန် ရုံးချိန်း ခေါ်ယူထားခြင်းဖြစ်သည်။

ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။

ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော် (AA) သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခံလိုက်ရခြင်းဖြစ်သည်။

မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...