ရခိုင်ပြည် အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးကော်မတီဆွေးနွေးပွဲ စစ်တွေတွင်ကျင်းပ

ရခိုင်ပြည် အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးကော်မတီဆွေးနွေးပွဲ စစ်တွေတွင်ကျင်းပ

ရခိုင်ပြည် အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးကော်မတီဆွေးနွေးပွဲတစ်ခုကို ယနေ့နံနက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပနေသည်ဟု သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲကို စစ်တွေမြို့ ကမ်းနားလမ်းရှိ အာရီယာန်ခန်းမတွင် ယနေ့ အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီအထိ ကျင်းပနေခြင်းဖြစ်သည်။

အဆိုပါအဖွဲ့အနေဖြင့် နိုင်ငံရေး၊ လုံခြုံရေး၊ မြေယာသဘာဝသယံဇာတ၊ ဒီမိုကရေစီ၊ ဖယ်ဒရယ်၊ လူမှုစီးပွားရေးစသည့် ကဏ္ဍ ၆ ခုကို လုပ်ဆောင်နေသော်လည်း ၎င်းတို့အဖွဲ့သည် ငြိမ်းချမ်းရေးအဖွဲ့အစည်းဖြစ်သောကြောင့် ငြိမ်းချမ်းရေးနှင့်ဒွန်တွဲလျက်ရှိသော ဖွံံ့ဖြိုးရေး၊ ဒီမိုကရေစီအရေးနှင့် ဖယ်ဒရယ်အရေးများကို ဦးစားပေးလုပ်ဆောင်သွားနိုင်ရန် ယခုဆွေးနွေးပွဲကို လုပ်ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ဒါရိုက်တာ ဦးခိုင်ကောင်းစံက နိရဥ္စရာကိုပြောသည်။

“ကျနော်တို့အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြည်သူလူထုအနေနဲ့ ကိုယ်စားပြုပြီးတော့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ရမလဲဆိုတဲ့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အရ ပါဝင်လုပ်ဆောင်ရတာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ၂ဝ ဦးခန့် တက်ရောက်ဆွေးနွေးနေကြသည်ဟုလည်း သိရသည်။

ဆွေးနွေးပွဲတက်ရောက်နေသည့် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက “မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းကိုမေးလိုက်ရင် လူတိုင်းက ငြိမ်းချမ်းရေးကိုလိုလားပါတယ်။ မငြိမ်းချမ်းရင် ကျမတို့ဘာမှလုပ်လို့မရဘူးလေ။ အဲ့ဒါကြောင့် ကျမတို့ငြိမ်းချမ်းမှုကိုလိုလားတယ်” ဟု ပြောသည်။

ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီကို စစ်တွေအပါအဝင် ရခိုင်ပြည်နယ် ၁၅ မြို့နယ်မှ လူမှုအဖွဲ့အစည်းပေါင်း ၁ဝဝ ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။

မဖွဲ့ဘဲကျန်နေသေးသည့် မြောက်ဦးနှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း ဆက်လက်ဖွဲ့စည်းသွားဦးမည်ဟု သိရသည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...