ရခိုင်ပြည် အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးကော်မတီဆွေးနွေးပွဲ စစ်တွေတွင်ကျင်းပ

ရခိုင်ပြည် အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးကော်မတီဆွေးနွေးပွဲ စစ်တွေတွင်ကျင်းပ

ရခိုင်ပြည် အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးကော်မတီဆွေးနွေးပွဲတစ်ခုကို ယနေ့နံနက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပနေသည်ဟု သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲကို စစ်တွေမြို့ ကမ်းနားလမ်းရှိ အာရီယာန်ခန်းမတွင် ယနေ့ အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီအထိ ကျင်းပနေခြင်းဖြစ်သည်။

အဆိုပါအဖွဲ့အနေဖြင့် နိုင်ငံရေး၊ လုံခြုံရေး၊ မြေယာသဘာဝသယံဇာတ၊ ဒီမိုကရေစီ၊ ဖယ်ဒရယ်၊ လူမှုစီးပွားရေးစသည့် ကဏ္ဍ ၆ ခုကို လုပ်ဆောင်နေသော်လည်း ၎င်းတို့အဖွဲ့သည် ငြိမ်းချမ်းရေးအဖွဲ့အစည်းဖြစ်သောကြောင့် ငြိမ်းချမ်းရေးနှင့်ဒွန်တွဲလျက်ရှိသော ဖွံံ့ဖြိုးရေး၊ ဒီမိုကရေစီအရေးနှင့် ဖယ်ဒရယ်အရေးများကို ဦးစားပေးလုပ်ဆောင်သွားနိုင်ရန် ယခုဆွေးနွေးပွဲကို လုပ်ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ဒါရိုက်တာ ဦးခိုင်ကောင်းစံက နိရဥ္စရာကိုပြောသည်။

“ကျနော်တို့အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြည်သူလူထုအနေနဲ့ ကိုယ်စားပြုပြီးတော့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ရမလဲဆိုတဲ့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အရ ပါဝင်လုပ်ဆောင်ရတာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ၂ဝ ဦးခန့် တက်ရောက်ဆွေးနွေးနေကြသည်ဟုလည်း သိရသည်။

ဆွေးနွေးပွဲတက်ရောက်နေသည့် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက “မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းကိုမေးလိုက်ရင် လူတိုင်းက ငြိမ်းချမ်းရေးကိုလိုလားပါတယ်။ မငြိမ်းချမ်းရင် ကျမတို့ဘာမှလုပ်လို့မရဘူးလေ။ အဲ့ဒါကြောင့် ကျမတို့ငြိမ်းချမ်းမှုကိုလိုလားတယ်” ဟု ပြောသည်။

ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီကို စစ်တွေအပါအဝင် ရခိုင်ပြည်နယ် ၁၅ မြို့နယ်မှ လူမှုအဖွဲ့အစည်းပေါင်း ၁ဝဝ ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။

မဖွဲ့ဘဲကျန်နေသေးသည့် မြောက်ဦးနှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း ဆက်လက်ဖွဲ့စည်းသွားဦးမည်ဟု သိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...