မြောက်ဦးမြို့နယ်၊ တိန်ညိုစံပြကျေးရွာသို့သွားသည့် ရွှေကျင်ပြင်လမ်း ပျက်စီးနေ၍ ကျေးရွာပေါင်း ၁၀ ခန့်မှ ဒေသခံများ အခက်အခဲဖြစ်နေပြီး လမ်းအား အမြန်ဆုံးပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လမ်းအရှည်မှာ ပေ ၃၀၀ ခန့်ရှိပြီး ကွန်ကရစ်လမ်းပြုလုပ်ရန် တောင်းဆိုနေကြသည်။
ယင်းလမ်းအား အသုံးပြုနေကြသည့် ခွဆုံ၊ တောင်မြင့်၊ ဥက္ကံ စသည့် ကျေးရွာပေါင်း ၁၀ ခန့်က ဒေသခံများမှ ကျန်းမာရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ဘာသာရေး စသည်တို့တွင် အခက်အခဲဖြစ်နေသည်ဟု ရွှေကျင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်က ပြောဆိုသည်။
“နွေရာသီလောက်ကတည်းက ပျက်စီးနေတာ ခု ပိုပြီးတော့ ပျက်စီးသွားတယ်။ အင်းခွက်တွေ၊ လမ်းတွေ အပိုင်းပိုင်းဖြစ်သွားတယ်။ ကျနော်တို့ ရွှေကျင်ပြင်ကျေးရွာက အလယ်မှာဖြစ်နေတယ်။ တခြားရွာက တိန်ညိုကိုသွားမယ်ဆိုရင် ဒီလမ်းကိုဖြတ်ပြီးတော့မှ သွားရတယ်။ ဒီလမ်းပျက်နေတော့ လမ်းကိုအားကိုးနေကြတဲ့ ဒေသခံတွေအကုန်လုံး အခက်အခဲဖြစ်တယ်” ဟု ဆိုသည်။
ယင်းကဲ့သို့ လမ်းပျက်စီးနေခြင်း၊ လမ်းများ ပိုင်းပြတ်နေခြင်းကြောင့် ကားများကို တွန်းပြီးသွားနေရသည့်အတွက် ခရီးသည်များအနေဖြင့် လည်းခရီး ကြန့်ကြာမှုများဖြစ်သည်ဟု ကားသမားတစ်ဦးက ပြောသည်။
“သက်ကြီးရွယ်အိုတွေဆိုရင် ကျောပိုးပြီးတော့သွားရတယ်။ ကား မြောင်းထဲကို ကျသွားလို့ရှိရင် ဆင်းပြီးတွန်းရတယ်။ အဲဒီလိုဖြစ်နေတော့ ခရီးသည်တွေအနေနဲ့လည်း ကြန့်ကြာမှုတွေရှိတယ်” ဟု ဆိုသည်။
တခြားကျေးရွာမှ ဒေသခံများမှ လက်ရှိပျက်စီးနေသည့် ရွှေကျင်ပြင်လမ်းကိုဖြတ်ပြီးမှ တိန်ညိုစံပြကျေးရွာသို့ရောက်ရှိပြီး ယင်းမှ မြောက်ဦး၊ ကျောက်တော် စသည့် မြို့အသီးသီးကို သွားရောက်ကြခြင်းဖြစ်သည်။
တောင်မြင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က “လမ်းက တော်တော်များများ ဆိုးနေတဲ့အတွက် အစိုးရဌာနဆိုင်ရာတွေကို စာတင်ဖို့ကိုလည်း ပြင်ဆင်နေကြပါတယ်။ အဲဒီလမ်းပျက်စီးသွားလို့ရှိရင် တခြားကျေးရွာတွေကိုသွားတဲ့ လမ်းတွေလည်း ဆက်ပြီးတော့ ပျက်စီးလာမယ်” ဟုဆိုသည်။
ယင်းလမ်းကို ၂၀၁၆ ခုနှစ် အစိုးရရန်ပုံငွေဖြင့် ကျောက်ချောလမ်းတစ်လမ်း ဖောက်လုပ်ပေးခဲ့သည်။
ကွန်ကရစ်လမ်း ဖြစ်မြောက်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလက အစိုးရထံကို စာတင်အကြောင်းကြားခဲ့သော်လည်း ဘက်ဂျက်ငွေအခက်အခဲကြောင့် မဖြစ်မြောက်ခဲ့ပေ။







