စစ်ဘေးရှောင်ရင်း မီးဖွားခဲ့တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ လမစေ့ဘဲ ကလေးမွေးဖွားလာတဲ့တွက် အမွှာသမီးလေးနှစ်ဦး ဆုံးပါးသွားခဲ့ရတယ်လို့ သိရပါတယ်။
ရေမွှာခမ်းသွားတဲ့အတွက် အောက်တိုဘာလ (၁) ရက်နေ့ ညအချိန်မှာ မီးဖွားခဲ့ရင်း ဆုံးပါးသွားတာဖြစ်တယ်လို့ အမွှာသမီးနှစ်ဦးရဲ့ အဒေါ်ဖြစ်သူက ပြောပါတယ်။
“သွေးက ကလေးဆီမရောက်တော့ ဒီ ၇ လပြည့်တဲ့အချိန်မှာပဲ ကလေးက ဘယ်လိုဖြစ်ဖြစ် ပေါင်ချိန်မတက်တော့ဘူးလေနော။ ရေမွှာကလည်း ခမ်းသွားတာပေါ့နော။ ခွဲရမယ်ဆိုတော့ ၇ လပြည့်တုန်းကတော့ ဆရာမက ခွဲမလားပေါ့ မိခင်ကိုမေးသေးတယ်။ ဒါပေမယ့် မိခင်ကတော့ ဘယ်လိုဖြစ်ဖြစ် သူ့ကလေးက အရမ်းနုနေသေးတော့ ၇ လပဲရှိသေးတော့ မခွဲချင်သေးဘူးပေါ့နော။ ခဏလေးစောင့်ကြည့်တဲ့အချိန်မှာ ကလေးက တစ်ယောက်က မလှုပ်တော့ဘူးဆိုတော့ တစ်ယောက်ကတော့ အသက်ရှင်နိုင်ဦးမယ်ထင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ဆေးရုံသွားလိုက်တာပေါ့နော။ ကလေးက နှစ်ယောက်စလုံး ရေမွှာက ခမ်းသွားတော့ ပူးကပ်ပြီး နှစ်ယောက်စလုံးတော့ ထွက်လာတယ်။ တစ်ယောက်က ဗိုက်ထဲမှာကတည်းက ဆုံးသွားတယ်။ နောက်တစ်ယောက်က အပြင်ရောက်ပြီးမှာ ဆုံးသွားတာပေါ့နော။ အဓိက,က သံဓါတ်ချို့တဲ့တာပေါ့လေ။ စစ်ဘေးရှောင်တော့ ဆေးခန်းတွေဘာတွေ မသွားဖြစ်ခါကျတော့ အဲ့လိုဖြစ်သွားတာ။” လို့ အဒေါ်ဖြစ်သူက ပြောပါတယ်။
မိခင်ဖြစ်သူမှာ ဒီးမော့ဆိုမြို့နယ်မှာ နေထိုင်တာဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ငါးလပိုင်းမှာ စစ်ဘေးရှောင်ခဲ့ရတာဖြစ်ပါတယ်။ တောရွာတွေမှာ စစ်ဘေးရှောင်ရတာဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးအနေအထားလည်း မမှန်တဲ့အတွက် အနေအထိုင်အခက်အခဲရှိသလို သံဓါတ်အားဆေးတွေလည်း မသောက်နိုင်ခဲ့ဘူးလို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။
“မိခင်အနေနဲ့ကတော့ ကလေးနှစ်ယောက်စလုံး ဆုံးရှုံးထားတော့ သူတို့ကိုတွေ့ရင် ငိုချင်တယ်။ သူတို့ကိုတွေ့ရင် ဘယ်လိုမှမနေနိုင်ဘူး။ ပြီးလို့ရှိရင် သူ့မိခင်နေတဲ့နေရာမှာက တခြားကလေးတွေလည်း မွေးထားတာရှိတော့လေ သူများကလေးကို သူကြည့်ရင်းနဲ့ ထိုင်ငိုတာတော့ရှိတယ်ပေါ့။ အဓိက စိတ်ပိုင်းဆိုင်ရာ တအားနှစ်သိမ့်ပေးရမှာပေါ့နော။ နှစ်ယောက်စလုံး အမွှာတွေ ဆုံးရှုံးထားတာဆိုတော့။” လို့ သူက ဆက်ပြောပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေအပြင် ကလေးငယ်တွေအပါအဝင် အနည်းဆုံး ၈ ဦးအထိ ရှိလာခဲ့ပါတယ်။
Photo: ဆုံးပါးသွားတဲ့ အမွှာကလေးနှစ်ဦး (ဓါတ်ပုံ – CJ)







