တောင်ကုတ်ချောင်း ကမ်းထိန်းနံရံပြိုကျမှုကြောင့် နေအိမ် ၆ လုံး ပြိုပျက်

တောင်ကုတ်ချောင်း ကမ်းထိန်းနံရံပြိုကျမှုကြောင့် နေအိမ် ၆ လုံး ပြိုပျက်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ဂူတာရပ်ကွက်ရှိ တောင်ကုတ်ချောင်းကမ်းထိန်းနံရံပြိုကျသဖြင့် ချောင်းကမ်းစပ်နံဘေးမှနေအိမ် ၆ လုံးပြိုပျက်သွားကြောင်း သိရသည်။

ပြိုကျသွားသောနေအိမ်များမှာ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက် ဦးဥတ္တမလမ်းရှိ ဦးမျိုးဦး၊ ဦးတင်အောင်သန်း၊ ဒေါ်မဖြူ၊ စာရေးဆရာ ခိုင်မောင် (ပညာရေး) နှင့် ဒေါ်ခင်မွန်ရည်တို့၏ နေအိမ်အပါအဝင် နေအိမ် ၆ လုံးဖြစ်ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂ ရက် ည ၁၁ နာရီခန့်က ချောင်းရေတိုက်စား၍ ကမ်းထိန်းနံရံပြိုကျသွားသည့်အတွက် ချောင်းနှင့်ဆက်စပ်နေသည့် အဆိုပါနေအိမ်များ၏နောက်ဘက်ခြမ်းမှစတင်ကာ ပြိုပျက်သွားခြင်းဖြစ်သည်ဟု အိမ်ပိုင်ရှင်များက ပြောသည်။

နေအိမ်အစိတ်အပိုင်းအချို့ပျက်စီးသွားခဲ့သူ စာရေးဆရာခိုင်မောင် (ပညာရေး) က "စပြိုတာကတော့ ဒီကနေ့ မနက် ၂ နာရီလောက်မှာ ဦးတင်မောင်သန်းအိမ်ဘက်ကအရင်စပြိုတာ။ ပြီးမှ ကျွန်တော့်ဘက်တွေ ပြိုတာ။ လုံးဝစိုးရိမ်ရတဲ့ အနေအထားရှိနေတယ်။" ဟု ပြောသည်။

အဆိုးဆုံးပျက်စီးသွားသည့်နေအိမ် ၃ လုံးရှိပြီး ကျန်နေအိမ်များမှာ တစ်စိတ်တစ်ပိုင်းပျက်စီးသွားခြင်းဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် ကမ်းနားတစ်လျှောက်ရှိ နေအိမ်အများအပြားတွင်လည်း ကြမ်းခင်းနှင့် အိမ်အဆောက်အဦတို့တွင် အက်ကွဲကြောင်းများဖြစ်လာနေပြီဖြစ်သည့်အတွက် စိုးရိမ်ရသည့်အနေအထားကို ရောက်ရှိနေကြောင်း အိမ်ပိုင်ရှင်များက ပြောသည်။

နေအိမ်ပြိုပျက်သွားသူ ဒေါ်ခင်မွန်ရည်က “အကုန်လုံးစိုးရိမ်ရတဲ့အနေအထားဖြစ်သွားပြီလေ။ ဖြစ်သွားတော့ အခက်အခဲတွေတော့ ကြုံနေရတယ်ပေါ့။ ဒါကြောင့် အစိုးရအနေနဲ့ တတ်နိုင်သလောက်တော့ ကူညီစောင့်ရှောက်ပေးစေချင်ပါတယ်။” ဟု ပြောသည်။

ပြိုပျက်သွားသည့်နေအိမ်ပိုင်ရှင်များနှင့် စိုးရိမ်ရသည့်အဆင့်ရောက်နေသောနေအိမ်ပိုင်ရှင်များသည် လက်ရှိတွင် အိမ်ထောင်ပရိဘောဂပစ္စည်းများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရသည်ဟုလည်း သိရသည်။

ပြိုပျက်သွားသောနေအိမ်များမှာ စျေးဆိုင်များဖွင့်လှစ်ထားသောနေအိမ်များဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ AE ဦးကျော်စွာသိန်းထံသို့ ဖုန်းဆက်မေးမြန်းခဲ့ရာ ကွင်းဆင်းလေ့လာဆဲဖြစ်ကြောင်းနှင့် ယခုလောလောဆယ်ဖြေကြားရန် မအားသေးဟု ပြန်လည်ဖြေကြားသည်။

ယခုပြိုကျသွားသည့်ကမ်းထိန်းနံရံကို အစိုးရက ပြီးခဲ့သည့် ၈ နှစ်ခန့်က ပြုလုပ်ထားခြင်းဖြစ်သည်ဟုလည်း သိရသည်။

တောင်ကုတ်ချောင်းသည် ရခိုင်ရိုးမမှ မြစ်ဖျားခံစီးဆင်းလာသောချောင်းတစ်ချောင်းဖြစ်ပြီး မိုးတွင်းကာလများတွင် တောင်ကျရေလျှံမှုကြောင့် မြေပြိုမှုမကြာခဏဖြစ်ပွားလေ့ရှိသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...