သေဆုံးသူ ရဲနိုင်ဦးရုပ်အလောင်းတွင် သေနတ်ဒဏ်ရာ ၅ ချက်တွေ့ရှိရပြီး အာဏာပိုင်များအစီအစဉ်ဖြင့် ရေးမြို့တွင် မီးသင်္ဂြိုလ်ခဲ့ရဟု မိသားစုဝင်တစ်ဦးပြော

သေဆုံးသူ ရဲနိုင်ဦးရုပ်အလောင်းတွင် သေနတ်ဒဏ်ရာ ၅ ချက်တွေ့ရှိရပြီး အာဏာပိုင်များအစီအစဉ်ဖြင့် ရေးမြို့တွင် မီးသင်္ဂြိုလ်ခဲ့ရဟု မိသားစုဝင်တစ်ဦးပြော

ရေးမြို့ ချောင်းတောင်တံတားဂိတ် လုံခြုရေးတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ရဲနိုင်ဦး အသက် (၂၇-နှစ်) ၏ ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာ ၅ ချက်တွေ့ရှိခဲ့ရပြီး အာဏာပိုင်များအစီအစဉ်ဖြင့် ရေးမြို့သုဿာန်၌ ယမန်နေ့ (စက်တင်ဘာ ၂၉ ရက်) မွန်လွဲပိုင်းအချိန်က မီသဂြိုံလ်ခဲ့ပြီးဖြစ်သည်ဟု ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ပြောသည်။

“ကျမမောင်းလေးရဲ့အလောင်းကို ကျမဖွင့်ကြည့်ခဲ့တယ် သေနတ်ဒဏ်ရာ ၅ ချက်ထိထားတယ် ရင်ဘတ်မှာထိတယ်၊ အမှုဖွင့်ရင်ဘာထူးမှာလဲ မဖွင့်ပါဘူး၊ ကိုယ့်မြို့မှာ ကောင်းကောင်းအသုဘချချင်လို့ အလောင်းသွားတောင်းတာ ရဲကမပေးဘူး၊ ရေးမြို့ ပရဟိတအဖွဲ့အစီအစဉ်နဲ့ သင်္ဂြိုလ်ဖို့တောင်းဆိုတာကိုလည်း သူတို့မပေးဘူး၊ အသုဘချဖို့ သူတို့ (အာဏာပိုင်) ဘက်က အားလုံးစီစဉ်ထားပြီးသားပဲ၊ ဒါပေမယ့် ကုန်ကျစရိတ်အားလုံးကိုတော့ ကျမတို့က ငွေရှင်းပေးခဲ့ရတယ်” ဟု ရဲနိုင်ဦး၏ အစ်မဖြစ်သူ မိချိုသက်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ထို့ပြင် မိချိုသက်ဦးအား လာရောက်တွေ့ဆုံခဲ့သည့် အမည်မဖော်လိုသော ချောင်းတောင်တံတားအနီးရှိ ဆိုင်ကယ်တက္ကစီသမားတချို့ ပြောကြားချက်အရ လမ်းလျှောက်လာစဉ်ခေါ်ယူစစ်ဆေးသည်ကို ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ခြင်းမဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်ပွားသည့် စက်တင်ဘာ ၂၈ ညနေပိုင်းတွင် တံတားလုံခြုံရေးတပ်ဖွဲ့မှ လူတစ်ဦးကို စစ်ဆေးရိုက်နှက်သံနှင့်ငိုသံများကို အနီးရှိဆိုင်ကယ်ဂိတ်မှကြားနေရသည်ဟုဆိုကြောင်း မိချိုသက်ဦးက ဆက်ပြောသည်။

“သူ့ကို လူသုံးဦးကဝိုင်းရိုက်တော့ ပြေးတယ်ပေါ့ ပြေးတော့ သေနတ်နဲ့ ၅ ချက်တောင်မှပစ်တယ်၊ သူ့ဆီမှာ မှတ်ပုံတင်နဲ့ဖုန်းပဲပါသွားတယ် ဘာလက်နက်မှလည်းမပါဘူး အခုထိ မှတ်ပုံတင်နဲ့ဖုန်းကိုလည်း ပြန်မရသေးဘူး၊ ဆေးရုံမှာ အလောင်းသွားထုတ်တုန်းက ရဲကပြောတာသူတို့လူ ပစ်တာမဟုတ်ဘူး စစ်တပ်ကပစ်တာတဲ့” ဟု မိချိုသက်ဦးက ဆိုသည်။

ထို့အတူ ရဲနိုင်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးစစ်ဆေးထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ရေးမြို့အာဏာပိုင်များနှင့်အလွန်နီးစပ်သည့် သတင်းအရင်းမြစ်တစ်ခုက အခင်းဖြစ်ပွားပြီး နောက်တစ်နေ့နံနက်ပိုင်းတွင် မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

သို့ရာတွင် ၎င်းပြောကြားချက်နှင့်ပတ်သက်၍ မွန်သတင်းအေဂျင်စီအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များထံ သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။

စိတ်ဝေဒနာခံစားနေရသူ ရဲနိုင်ဦးသည် အခင်းဖြစ်သည့်နံနက်ပိုင်းတွင် မိမိနေအိမ်ခေါ်ဇာမြို့မှ မည်သူ့ကိုမှအသိပေးခြင်းမရှိဘဲ ရေးမြို့သို့ တစ်ဦးတည်းခြေလျင်လျှောက်လာကာ ချောင်းတောင်တံတားပေါ်သို့အရောက်တွင် စစ်တပ်နှင့်ရဲတံတားလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ခေါ်ယူစစ်ဆေးဖမ်းဆီးခြင်းခံရပြီးမှသာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက ယူဆပြောဆိုလျက်ရှိသည်။

ရေးမြို့အဝင် ချောင်းတောင်တံတားတွင် ယခုသီတင်း ၂ ပတ်အတွင်း လုံခြုံရေးတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးခဲ့ရကြောင်း မြို့ခံများအကြား ဝေဖန်ပြောဆိုလျက်ရှိသည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...